ကျောက်လုပ်ကွက်မှာ သေဆုံးသူ ၈ ဦးအလောင်းတွေ တွေ့ရှိ
2018.07.26

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံ ရွာအနီးက ဧရာရတနာ ကျောက်မျက်လုပ်ကွက် အဟောင်းမှာ ပြီးခဲ့တဲ့ ၂ ရက်က ကျောက်တောင်ကမ်းပါးယံပြိုကျလို့ ပျောက်ဆုံးနေတဲ့အထဲက လူ ၈ ယောက်ရဲ့ အလောင်းတွေကို ဒီကနေ့ ရှာဖွေတွေ့ရှိထားပါတယ်။
အဲဒီလို ကမ်းပါးယံပြိုလို့ ပျောက်ဆုံးကြောင်း စာရင်းပေးထားတဲ့ ၂၇ ယောက်ထဲက ၈ ယောက်ရဲ့ ရုပ်အလောင်းတွေ ကို တွေ့ရှိတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။
"လောလောဆယ်အထိ ၈ လောင်းတော့ရပြီဗျ။ လောလောဆယ်တော့ မိုးတော့နည်းနည်းရွာနေတယ်။ စက်ယန္တရားတွေတော့ သိပ်လုပ်လို့မရသေးဘူ။ ဒီလိုမျိုးဖြစ်စဉ်တွေ မဖြစ်အောင် တတ်နိုင်သမျှ အုပ်ချုပ်ရေး ပိုင်းက လုပ်သင့်တဲ့ကိစ္စတွေလုပ်ဖို့တော့ လမ်းညွှန်ပါတယ်ဗျ။ အန္တရာယ်ရှိတဲ့ နေရာတွေဝင်မတူးဖို့။ နောက်ပြီးတော့လည်း ဥပဒေနဲ့ မညီဘူးပေါ့နော်။ လုပ်ကွက်တွေထဲ အတင်းဝင်မတူးဖို့ အဲဒါတွေလည်း ကျနော်တို့ဘက်ကတော့ သတိပေးတာတော့ တောက်လျှောက်လုပ်နေပါတယ်"
ဖားကန့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်ပြီး၊ မီးသတ်၊ ကြက်ခြေနီ၊ လူမှုကူညီရေး ပရဟိတ အသင်းအဖွဲ့တွေက ဘက်ဟို ယန္တရား ၇ စီးနဲ့အတူ မနေ့ကစလို့ ကူညီရှာဖွေနေကြတာပါ။
ပျောက်ဆုံးကြောင်း စာရင်းပေးလာသူတွေဟာ မမုံ၊ အောက်မယ့်လင်ချောင်၊ စပေါ့၊ ဖားပျဉ် စတဲ့ မှော်ရွာတွေမှာ နေထိုင်ပြီး ရေမဆေးကျောက် တူးဖော်လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ အခုလို မိုးတွင်းဆို ကျောက်တောင်ကမ်းပါးယံတွေပြိုကျတာနဲ့ ပွင့်လင်းရာသီ ချိန်တွေမှာဆို စွန့်ပစ်မြေစာပုံတွေပြိုကျလို့ လူတွေမကြာခဏ ထိခိုက်သေဆုံးနေတာပါ။
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကလည်း လုံးခင်းအုပ်စု ဆန်ခါမှော်ရွာအနီးက မဟာအစပထမ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်အဟောင်းမှာ ကမ်းပါးယံပြိုကျလို့ လူ အယောက် ၂ဝ ကျော် သေဆုံးခဲ့ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းမှော်နယ်မြေမှာ တနိုင်တပိုင် ရေမဆေးကျောက် ရှာဖွေတူးဖော်နေကြသူ အများစု အပါအဝင် တစ်နိုင်ငံလုံးက ရွှေ့ပြောင်းလုပ်ကိုင်နေကြသူ နှစ်သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။