တန်ချိန် ၄ တန်ခန့်ရှိ ကျောက်စိမ်း တစ်လုံး တွေ့ရှိ
2017.04.27

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်ပုံရွာအနီးက တောက်ပကြယ်လုပ်ကွက်မှာ အလေးချိန် ခန့်မှန်း ၄ တန် လောက်ရှိတဲ့ ကျောက်စိမ်း ၁ လုံးကို ရေမဆေးသမားတွေက မနေ့က တွေ့ရှိထားပြီး ဒီနေ့ မှော်ပုံရွာ စာသင်ကျောင်းအဖြစ် သတ်မှတ်ထားတဲ့ မြေနေရာမှာ သယ်ယူထားပါတယ်။
ရေမဆေးကျောက် တွေ့ရှိထားသူတွေက မှော်ပုံရွာသားတွေဖြစ်ပြီး လောလောဆယ်မှာ ရေမဆေးခေါင်းဆောင်တွေက အစိုးရအာဏာပိုင်တွေ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေပါတယ်။
အဲဒီကျောက်ကို ကုမ္ပဏီက လုပ်ကွက်ထဲဝင်ပြီး ရှာခွင့်ပေးတဲ့အချိန်မှာ ရေမဆေးသမားတွေက တွေ့ရှိလိုက် တာဖြစ်ပြီး ကျောက်စိမ်းတန်ဖိုးဈေး အတိအကျကိုတော့ ဈေးမသတ်မှတ်ရသေးပါဘူး။
ရေမဆေးကျောက်ကိုတွေ့ရှိပြီး အနီးနားတဝိုက်က လုပ်ဖော်ကိုင်ဖက် ရေမဆေးသမားတွေက ကုမ္ပဏီလုပ်ကွက် ကနေ ကျောက်စိမ်းကို ကူညီထမ်းပိုးသယ်ယူပေးတဲ့အတွက် ကျောက်စိမ်းတွင်းဒေသ အခေါ်ဂျော်ကီ ဝေစုအဖြစ် ကျပ်သိန်းပေါင်း တစ်သောင်း တောင်းဆိုထားပါတယ်။
ကျောက်စိမ်းအရိုင်းတုံးကို သယ်ယူထားရှိတဲ့နေရာမှာ ရေမဆေးသမားအယောက် နှစ်ထောင်ကျော် က အခုညဦးပိုင်းအထိ စုရုံးရောက်ရှိနေပြီး လုံခြုံရေးတပ်ဖွဲ့တချို့လည်း အနီးနားပတ်ဝန်းကျင်မှာ ရှိနေတယ်လို့ အဲဒီနေရာကိုရောက်ရှိနေတဲ့ မှော်ပုံရွာသား ကိုဝင်းမောင်က အခြေအနေတွေကို ပြောပြပါတယ်။