ပြည်တွင်းစစ်ရပ်စဲရေး အရပ်ဘက်အဖွဲ့ တစ်ရာကျော် လက်မှတ်ရေးထိုး


2014.05.25

ပြည်တွင်းစစ်ရပ်စဲရေးအတွက် ကချင်ငြိမ်းချမ်းရေးကွန်ရက်က ကမကထပြုဆောင်ရွက်နေရာမှာ၊ ထိုးစစ်တွေ ရပ်တန့်ဖို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ အရပ်ဘက်အဖွဲ့အစည်းပေါင်း (၁၁၂)ဖွဲ့ ရှိပြီလို့ သိရပါတယ်။

မေလ (၁၅)ရက်နေ့နောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း အစိုးရစစ်လေယာဉ်တွေ ဝဲပျံနေတာ၊ လားရှိုးလေဆိပ်မှာ စစ်ရဟတ်ယဉ်တွေ ချထားတာ စတဲ့အခြေအနေတွေကြောင့်၊ ထိုးစစ်တွေရပ်ဖို့ အရပ်ဘက် အဖွဲ့တွေ က လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒီအစီအစဉ်ဖြစ်မြောက်အောင် စည်းရုံး ဆောင်ရွက်နေတဲ့ ကချင် ငြိမ်းချမ်းရေး ကွန်ယက်က ဒေါ်ခွန်ဂျာက အခုလိုပြောပါတယ်။

"ထိုးစစ်မပြချင်တော့မယ်ဆိုတဲ့ အခြေအနေမျိုးမှာ ကျမတို့အဖွဲ့စည်းများကနေပြီးတော့မှ စစ်ပြီးတဲ့အထိစောင့် မလား ဒါမှမဟုတ်လို့ရှိရင် စစ်မဖြစ်အောင် ကျမတို့ တားဆီးကြမလားဆိုပြီးတော့ ဆွေးနွေးတဲ့ အခါမှာ စစ်ပြီးမှ ကျမတို့ ငယ်စာရင်းလုပ်တာထက် ကျမတို့အနေနဲ့ ဒီစစ်ကိုမဖြစ်အောင်၊ တိုက်ပွဲထပ်မဖြစ်အောင် ကျမတို့ တားဆးီတဲ့ လုပ်ငန်းမှာ ပါဝင်ကြစို့ဆိုပြီးမှ စပြီးတော့ အကောင်အထည်ဖော်လိုက်တယ်ထဲက ပထမအဆင့်ဖြစ်ပါတယ်၊အဓိကတောင်းဆိုထားတာက တဘက်မှာ ဆွေးနွေးတာကလည်းဆွေးနွေးကြပါ၊ လက်မှတ်ထိုးပါလို့ ကျမတို့ ဖိအားမပေးပါဘူး သို့သော်လည်း မြေပြင်မှာတော့ တကယ်တမ်း စစ်ပွဲကြီး ရပ်လိုက်ကြတော့လို့ ပြောမှာဖြစ်ပါတယ်ရှင့်"

တနင်္ဂနွေနေ့အထိ လက်မှတ်ရေးထိုးခဲ့ကြတဲ့အဖွဲ့တွေထဲမှာ Generation Wave, ပန်းရဲ့လမ်း၊ ဗေဒါကျောင်း၊ ရခိုင် လုူငယ်ဖွ့ံ့ဖြိုးရေးအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်စတဲ့  အရပ်ဘက်အဖွဲ့အစည်း အဖွဲ့ (၁၁၂)ဖွဲ့ ပါဝင် ကြပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ NCCT အဖွဲ့တွေ ဆီကိုလည်း အဲဒီအဖွဲ့တွေက  အိတ်ဖွင့်ပေးစာတွေ ပေးပို့ခဲ့ပါတယ်။

အလားတူ ကချင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေကလည်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ကချင်ပြည်နယ် မိုင်ဂျားယန်မှာ အစည်းအဝေးကျင်းပပြီး၊  ဒုက္ခသည်စခန်းတွေ အနီးမှာရှိနေတဲ့ အစိုးရစစ်တပ် နဲ့ KIA တပ်  နှစ်ဘက် စစ်စခန်းတွေ ကို နောက်ဆုတ်ပေးဖို့ တောင်းဆိုချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။