ကျောင်းတိုက်ကနေ ထွက်ပေးဖို့ ပီနန်ဆရာတော်ကြီး ငြင်းဆန်
2014.03.31

ရန်ကုန်တိုင်း တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်က မဟာသန္တိသုခ သာသနာပြုကျောင်းတိုက် တည်ထောင်ခဲ့တဲ့ ပီနန်ဆရာတော် ဦးပညာဝံသနဲ့ တပည့်သံဃာတွေကို ကျောင်းတိုက်ကနေ ထွက်ခွာပေးဖို့ သံဃနာယက အကြောင်းကြားတာကို လက်မခံကြောင်း ပီနန်ဆရာတော်က ဒီနေ့ မိန့်ကြားပါတယ်။
ပီနန်ဆရာတော်ဘုရားကြီးကိုယ်စား လန်ဒန်မြို့ သာသနရံသီကျောင်းတိုက် ဆရာတော် ဦးဥတ္တရက သတင်းစာရှင်းလင်းပွဲမှာ အခုလို မိန့်ကြားပါတယ်။
"ပီနန်ဆရာတော်ဘုရားကြီးရဲ့ ရည်ရွယ်ချက်ကတော့ အမှန်တရားကို ဖော်ထုတ်နေတာပါပဲ၊ ဘာအမှန် တရားလဲလို့မေးရင် သာသနာနဲ့ ပတ်သက်တဲ့ သာသနာ့ဝန်ထမ်းတွေကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေက မမှန်မကန်တွေ လုပ်နေတာတွေကို မှန်မှန်ကန်ကန် ဖြစ်အောင်ဆိုပြီးတော့ ဒီမဟာသန္တိသုခကျောင်းကြီးကို စံပြအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်နေတယ်လို့ပဲ သိစေချင်ပါတယ်"
မဟာသန္တိသုခကျောင်းတိုက်ကို ၁၉၉၉ ခုနှစ်မှာ ကမ္ဘာ့သာသနာပြုဆရာတော် ဘဒ္ဓန ္တ ပညာဝံသနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်တို့က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆရာတော်ဟာ မလေးရှားနိုင်ငံ ပီနန်မြို့နဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွေမှာ သာသနာပြုနေရင်း စစ်အစိုးရကို ဝေဖန်ခဲ့တာကြောင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။
စစ်အစိုးရက အဲဒီကျောင်းတိုက်ကို သံဃာ့နာယကအဖွဲ့ကို ရေစက်ချလှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။ ပီနန်ဆရာတော်ဟာ မြန်မာနိုင်ငံကို မနှစ်က ပြန်လည်ကြွရောက်ခဲ့ပြီး သီတင်းသုံးခွင့် ပြန်လျှောက်ထားခဲ့တာဖြစ်ပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တာမွေမြို့ဒေသခံတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ အနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။