တိုက်ပွဲကြောင့် နှစ်ဖက်သေဆုံးမှုရှိကြောင်း ပုလဲပြည်သူ့ကာကွယ်ရေး အဖွဲ့ပြော
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာနားမှာ စက်တင်ဘာလ ၂၁ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးသေဆုံးပြီး စစ်ကောင်စီ ဘက်ကတော့ ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးချိန်မှာ စစ်ကောင်စီဘက်က စစ်ကူတွေလာမယ်ကြားလို့ သူတို့တပ်စွဲမယ့် ကန့်ဒေါင့်ရွာ ရဲကင်း စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ဗိုလ်နဂါးက ပြောပါတယ်။
“NUG အစိုးရ တိုက်ပွဲမကြေညာခင်ကတည်းက ပုလဲမှာ တိုက်ပွဲတွေဖြစ်နေတာ၊ ဒီရက်ပိုင်းဆို နေ့တိုင်း ရှိတယ်၊ မနေ့က ဒဏ်ရာရထားတဲ့ စစ်သားတွေကို လှည်းနဲ့သယ်ထုတ်နေရတယ်၊ စစ်ကောင်စီက စစ်ကြောင်း ထိုးတယ်ဆိုပြီး နယ်တွေကို အကုန်ဝင်ဖမ်းတာရော သတ်တာတွေပါလုပ်နေတော့ ကာကွယ်ရေးအဖွဲ့က ပြန်ခုခံနေတယ်၊ လက်နက်အင်အားမပြည့်စုံပဲ တိုက်နေရတော့ စိတ်ခံစားချက်တော့ ရှိတာပေါ့၊ ဒါပေမဲ့ လုပ်နိုင်သလောက် လုပ်သွားမှာပါ” လို့ ဗိုလ်နဂါးကဆိုပါတယ်။
စက်တင်ဘာလ ၂၂ ရက် ဒီနေ့မှာလည်း စစ်ကောင်စီတပ်သားတွေ ချောင်းဦးရွာနား ရောက်နေတာကြောင့် တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ရွာရဲကင်း၊ ချင်ပြစ်ရွာရဲကင်းနဲ့ လဲကန်ရွာရဲကင်းတွေမှာ အရင်ကရှိခဲ့တဲ့ရဲတွေ မြို့နယ်ရဲစခန်းကို ပြန်သွားတာကြောင့် လက်ရှိတစ်ယောက်မှ မရှိတော့ဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာလ အစပိုင်းကနေ ဒီကနေ့ ၂၂ ရက်နေ့အထိ ပုလဲမြို့နယ်ထဲက နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ဦး သေဆုံးခဲ့သလို အရပ်သားဒေသခံ ခုနှစ်ဦးခန့် အသတ်ခံခဲ့ရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံးတယ်ဆိုတဲ့အပေါ် တုံ့ပြန်မှုကိုသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းထံ RFA က တယ်လီဖုန်းနဲ့ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။