ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင် ရန်ကုန်မှာ အဖမ်းခံရ

2021.09.01
ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင် ရန်ကုန်မှာ အဖမ်းခံရ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကို လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Pyidaungsu Hluttaw

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကို ဩဂုတ်လ ၃၁ ရက် မနေ့က ရန်ကုန် ဗဟန်းမြို့နယ်က နေအိမ်တစ်အိမ်မှာ စစ်ကောင်စီ က ဖမ်းဆီးသွားတယ်လို့ ပုလဲမြို့နယ် NLD ပါတီနဲ့ နီးစပ်သူတွေက RFA ကို ဒီကနေ့ပြောပါတယ်။

စက်တင်ဘာလ ၁ ရက် ဒီနေ့မှာတော့ ဒေါ်ခင်စန်းလှိုင်ကို ရန်ကုန်ကနေ မုံရွာကို ပြန်ခေါ်လာတယ်လို့ စစ်ကိုင်းတိုင်း NLD ပါတီဝင်နဲ့ နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

“ပုလဲမှာ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ဒါကြောင့် ဒီဘက်ကိုပြန်ခေါ်လာတာ။ ဘာပုဒ်မနဲ့ဖွင့်ထားလည်း ဆိုတာတော့ မသိရသေးဘူး” လို့ ပါတီနဲ့ နီးစပ်သူက ဆိုပါတယ်။

ဒေါ်ခင်စန်းလှိုင်ဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီရဲ့ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ဘဏ္ဍာရေးအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ဒေါ်ခင်စန်းလှိုင်ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက စစ်ကိုင်းတိုင်း ၀က်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပေမယ့် စင်ပြိုင်အစိုးရ ဖွဲ့စည်းမှုနဲ့ ထောင်ဒဏ် (၂၅) နှစ် ကျခံခဲ့ရပြီး ၁၉၉၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွေမှာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။