ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး သံတွဲမြို့မှာ ဟောပြော


2013.10.07

သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရနဲ့ အစ္စလာမ့်ဗိမာန်အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးလွင်တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ဒီကနေ့ ဒေသခံတွေနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကိစ္စတွေ ဟောပြောခဲ့ကြပါတယ်။

ဒီနေ့အစီအစဉ်ကို သံတွဲမြို့၊  မြို့တော်ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး ဟောပြောခဲ့တဲ့အကြောင်းအရာနဲ့ ပတ်သက်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးအေးလွင်က RFA ကို အခုလိုပြောပြပါတယ်။

"ဆရာတော်ကြီးက ငြိမ်းချမ်းရေးတရားဟောဖို့ ကျနော့်ကိုပါလိုက်ခဲ့ပါဆိုတာနဲ့ ကျနော်လည်း လိုက်လာတယ်လေ၊ ဘာသာတရားဆိုတာ ငြိမ်းချမ်းရေးကိုပဲ ဦးတည်ပါတယ်၊ အဲတော့ မည်သူတစ်ဦးတစ်ယောက်က ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်ပြီဆိုရင် အဲဒီကာယကံရှင်ရဲ့  လုပ်ရပ်ပဲဖြစ်တယ်၊ သူနဲ့ပတ်သက်သော ဘာသာတရားကို ဒီထဲမှာစွဲမထည့်ဖို့ဆိုတာလေးကို အဓိကထားပြောမှာပါ"

အစ္စလာမ်ဘာသာအပေါ် ဒေသခံတွေ အထင်အမြင်လွဲမှားနေတာတွေကို ဖြေဖျောက်ဖို့နဲ့ နှစ်ဘက်ငြိမ်းချမ်းရေး တည်ဆောက်ဖို့ရည်ရွယ်ပြီး အစ္စလာမ်ဘာသာနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ဒေသခံတွေဆီ ဖြန့်ဝေပေးသွားမယ်လို့လည်း ပြောပါတယ်။

ဒီနေ့ ညနေ ၃ နာရီလောက်မှာ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေအပြင် ရပ်မိရပ်ဖတွေ၊ ဒေသခံတွေကို ဟောပြောခဲ့ကြ သလို မနက်ဖြန်မနက် ၈ နာရီမှာတော့ ဒေသခံအစ္စလာမ်ဘာသာဝင်တွေနဲ့ တွေ့ဆုံဟောပြောဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။