တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ စစ်ကောင်စီနဲ့တတိယအကြိမ် တွေ့ဆုံဆွေးနွေး

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.01.05
တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ စစ်ကောင်စီနဲ့တတိယအကြိမ် တွေ့ဆုံဆွေးနွေး ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်လာကြသူများ။
Myanmar Military

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ခေါင်းဆောင်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ နေပြည်တော်မှာ ဇန်နဝါရီ ၅ ရက်နေ့က တတိယအကြိမ် တွေ့ဆုံခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဖွဲ့စည်းပုံပြင်ရေး ကိစ္စရပ်တွေကို တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးတဲ့အထဲမှာ ပါဝင်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုကတော့ လက်ရှိအချိန်မှာ အစိုးရနဲ့လွှတ်တော် မရှိသေးတာကြောင့် ဒီကိစ္စတွေ အကြေအလည်ဆွေးနွေးနိုင်ဖို့ အချိန်ထပ်ယူရဦးမယ်လို့ RFA ကို ပြောပါတယ်။

“အစိုးရလည်း မရှိသေးဘူး။ လွှတ်တော်လည်း မရှိသေးဘူးဆိုတော့ ပြောမယ်ဆို ဒါက အချိန်တစ်ခုနဲ့ပဲ ကုန်သွားနိုင်တယ်လို့ ကျွန်တော်တို့ မြင်တယ်။လောလောဆယ်မှာတော့ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကြေကြေညက်ညက် ထပ်ပြီးတော့ လေ့လာရဦးမယ်။ မဆွေးနွေးနိုင်ဘူးပေါ့နော်”

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြီးခဲ့တဲ့ ဧပြီလက ဖိတ်ခေါ်ခဲ့ပြီးနောက် UWSP ကိုယ်စားလှယ်အဖွဲ့က မေ ၃ဝ ရက်၊ NDAA မိုင်းလားအဖွဲ့က ဇွန် ၄ ရက်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က သြဂုတ်လ ၄ ရက်နေ့မှာ ပထမအကြိမ် တွေ့ဆုံခဲ့ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာမှာတော့ ဒီအဖွဲ့ သုံးဖွဲ့က ခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင် နေပြည်တော်မှာ ဒုတိယအကြိမ် တွေ့ဆုံခဲ့ပါတယ်။

အခုတတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၅ ရက်ကစပြီး ၃ ရက်ခန့် ကျင်းပသွားဖို့ ရှိနိုင်တယ်လို့ ဒုဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။