ငြိမ်းချမ်းရေး ရုပ်ပြစာအုပ် ထွက်မည်
2013.10.12
ငြိမ်းချမ်းရေး အဓိပ္ပာယ်ကို ငယ်စဉ်ကတည်း က လေ့လာသိရှိနိုင်ရေးအတွက် အသက် ၅ နှစ်အောက် ကလေးငယ်တွေဖတ်ရှုဖို့ ရုပ်ပြ ပုံပြင်စာအုပ်တစ်အုပ်ကို ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့ UNICEF က လာမယ့် ၆ လအတွင်း ထုတ်ဝေဖြန့်ချိ မယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ UNICEF တာဝန် ရှိသူတွေက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အသက်ငါးနှစ်အောက်ကလေးတွေ ဖတ်ရှုသင့်တဲ့ စာအုပ်စာပေ ရှားပါးတဲ့အတွက် အခုလိုထုတ်ဝေသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့ အခြေစိုက် UNICEF ပညာရေးအရာရှိ ဒေါ်ခင်စောညွန့်က အာအက်ဖ်အေကို ပြောပါတယ်။
အခုထုတ်ဝေဖို့ ပြင်ဆင်နေတဲ့ စာအုပ်ထဲမှာ လူသားအချင်းချင်းနားလည်မှု၊ ပေးဆပ်မှု၊ ချစ်ခင်မှုစတဲ့ အချက်တွေကို အဓိကထားပြီး ကာတွန်းတွေ ဓါတ်ပုံတွေ ပုံပြင်တွေ ပါဝင်တယ်လို့ သိရပါတယ်။
စာအုပ်ဖြစ်မြောက်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ကျန်းမာရေးဦးစီးဌာနတို့က ပါဝင်ကူညီခဲ့ကြပြီး အဲဒီစာအုပ်တွေကို နိုင်ငံအနှံ့အပြားက မူကြိုကျောင်းတွေနဲ့ ကလေးဆေးရုံတွေအထိ ရောက်ရှိအောင် ဖြန့်ချီသွားမယ်လို့ ဆိုပါတယ်။