မင်းကင်းမှာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ကိုးဦးနဲ့ PDF ဘက်က တစ်ဦး သေဆုံး

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021.06.25

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ဇွန်လ ၂၄ ရက် မနေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ဘေးရှောင်တွေကို ကူညီနေရာပြောင်းရွှေ့ပေးနေစဥ် အရပ်ဝတ် ပျုစောထီးတွေပါဝင်တဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ ရုတ်တရက်ရောက်လာတာကြောင့် တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ပြီး၊ စစ်တပ်ဘက်က အနည်းဆုံး ကိုးယောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ယောက် သေဆုံးခဲ့တယ်လို့ မင်းကင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။

မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုး အောက်ပိုင်းဒေသ မြစ်အရှေ့ဘက်ခြမ်းမှာ ဇွန်လ ၂၄ ရက် တစ်ရက်တည်း မှာတင် မနက်ပိုင်း၊ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတို့မှာ တိုက်ပွဲ သုံးကြိမ်တိတိဖြစ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ က ဆိုပါတယ်။

အင်အားမမျှတာကြောင့် ထိပ်တိုက်တွေ့မှုတွေကို ရှောင်နေတဲ့ကြားက မလွှဲသာတဲ့အတွက် ပျောက်ကြား ခုခံစစ်ကို သုံးခဲ့ရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

မင်းကင်း PDF ရဲဘော်တွေက စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ပေးနေတာတွေလုပ်တယ်။ ကျန်းမာရေးတွေ၊ နေရေးထိုင်ရေးတွေ၊ လုံခြုံရေးကိစ္စတွေ ကူညီလုပ်နေတဲ့အချိန်မှာ စစ်ကောင်စီက တောထဲဝင်လာလို့ ထိတွေ့မှုဖြစ်ကြတာ။ အရပ်သား အသွင်ယူလာတယ်။ တခြားရွာသားတွေလို့င်ပြီး  အနားကို အကပ်ခံလိုက်မိတော့ အငိုက်မိသွားတယ်။ သူတို့အလောင်း ကိုးလောင်းတော့ တွေ့တယ်။

ရုတ်တရက်အငိုက်မိပြီး သူတို့ဘက်က ခုခံစစ်ကိုသာ သုံးခဲ့ရပေမယ့် တောတောင်ကြားမှာ နယ်မြေကျွမ်းကျင် တာကြောင့် စစ်ကောင်စီဘက်က ကိုးဦးထိသေဆုံးပြီး၊ သူတို့ဘက်ကတော့ တစ်ယောက်သာ သေဆုံးခဲ့တာ လို့လည်း သူက ဆိုပါတယ်။

သေဆုံးသူရဲ့ အမည်အတိအကျကို လုံခြုံရေးအရ မပြောနိုင်သေးပေမဲ့ အသက် (၂၃) နှစ်အရွယ် လူငယ်တစ်ဦး ဖြစ်တယ်လို့ အဲဒီမင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသွားပါတယ်။

သူပြောတဲ့ သေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး အတိအကျသိနိုင်ဖို့အတွက် RFA က စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းခေါ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားတာမျိုး မရှိပါဘူး။

"တစ်ရွာလုံးကို ဒုက္ခမပေးစေချင်ဘူး။ ရွာထဲကို မီးရှို့မှာကို စိုးရိမ်တယ်။"

ဒါကြောင့် မြေပြင်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နှစ်ဘက်သေဆုံးထိခိုက်မှုစာရင်း အတိအကျကို RFA က သီးသန့် အတည်ပြုနိုင်ခြင်းမရှိပါဘူး။

စစ်ကောင်စီတပ်တွေကို တူမီးသေနတ်နဲ့ ပြန်လည်ခုခံတဲ့ဒေသတွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရဲ့ နယ်မြေကျွမ်းကျင်မှုက ၄၀ ရာခိုင်နှုန်းရှိနေပြီး၊ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းဟာ ပြည်သူ့အတွက်ဆိုတဲ့စိတ်နဲ့ မတရားမှုကို တွန်းလှန်နေတာကြောင့် အခုလို သေဆုံးထိခိုက်မှုနည်းတာလို့လည်း လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ယောက်က သုံးသပ်ပြောဆိုပါတယ်။

မနေ့က တိုက်ပွဲသုံးကြိမ် ဖြစ်ခဲ့တဲ့နေရာဟာ ရွာသားတွေ ခေတ္တစစ်ဘေးရှောင်နေတဲ့နေရာကနေ ၁၇ မိုင်ခန့် သာ ကွာဝေးခဲ့ပြီး၊ အဲဒီနေရာမှာ ရွာပေါင်း  ၁၁ ရွာလောက်က စစ်ဘေးရှောင်ပြည်သူ ၈၀၀၀ ခန့်ရှိနေတယ် လို့လည်း မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်က RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေအိုးရကျေးရွာမှာတော့ လူငယ်တွေ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ထား တယ်လို့ သတင်းရတာကြောင့် စစ်တပ်က  သုံးရက်အတွင်း၊ နှစ်ကြိမ်ရောက်လာပြီး နေအိမ် ၁၆ လုံးလောက် ကို ရိုက်ချိုးဖျက်ဆီးသွားတယ်လို့ ရွှေအိုးရကျေးရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။

အခုလ ၂၃ ရက်နေ့မှာ တစ်ကြိမ်၊ မနေ့က ၂၄ ရက်နေ့မှာ တစ်ကြိမ် ရုတ်တရက် ရွာကိုရောက်လာပြီး တစ်ရွာလုံးကို ရှာဖွေဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

၂၃ ရက်နေ့က ရွာကိုဝင်ရောက်ချိန်မှာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်တာကြောင့် လူငယ်တစ်ဦး ဒဏ်ရာရ ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေအိုးရကျေးရွာ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"ရွာထဲကသူတွေ အကုန်ထွက်ပြေးကြတယ်။ စာသင်ကျောင်းထဲက ထွက်ပြေးတဲ့ ကောင်လေး သုံးယောက် ကို လိုက်ပစ်တဲ့အချိန်မှာ ကောင်လေးတစ်ယောက်က နောက်ကျော ကျည်မှန်တယ်။ မသေဘူး။ လူငယ် တွေ ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ထားတာရယ်၊ အုပ်ချုပ်ရေးမှူးဟောင်းကို လိုချင်လို့ထင်တယ်။ တစ်ယောက် မှလည်း မတွေ့လိုက်ပါဘူး။ သူတို့လိုချင်တဲ့သူကို ဖမ်းလို့ရရင် ဖမ်းပေါ့၊ တစ်ရွာလုံးကို ဒုက္ခမပေးစေချင် ဘူး။ ရွာထဲကို မီးရှို့မှာကို စိုးရိမ်တယ်။"

ရွှေအိုးရကျေးရွာဟာ စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ ပထမဆုံး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ပြီး၊ အခုချိန်ထိ ပုန်းရှောင်နေရတဲ့ ဒေါက်တာ တေဇာဆန်းရဲ့ ဇာတိရွာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

bant-bwe-village.jpg
(ဘန့်ဘွေးရွာမှာ စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့အိမ်ကို တွေ့ရစဥ်) Photo CJ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှာတော့ ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ရုတ်တရက်ရောက်လာပြီး CDM ဝင်နေတဲ့ မီးသတ်ဝန်ထမ်း တစ်ယောက်နဲ့ ရွာသားတစ်ယောက်ကို ဖမ်းသွား တယ်လို့  လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"မနက်ပိုင်းက ရှောင်ရတယ်။ ဟိုတနေ့ကဖြစ်တဲ့ တိုက်ပွဲနေရာကို ဒီနေ့ ထပ်ရောက်လာတယ်။ အခု တော့ပြန်သွားပြီ။ ရွာတွေကိုဝင်ရင်တော့ ထုံးစံအတိုင်း သေနတ်ဖောက်ဝင်တယ်။ အဖမ်းခံရတာ အမျိုး သား နှစ်ယောက်မှာ CDM ဝင်တဲ့ မီးသတ်တစ်ယောက်ပါတယ်။”

စစ်တပ်က ရွာကိုရောက်လာပြီး နေအိမ်တွေကို အဓမ္မရှာဖွေတာ၊ လူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်ခဲ့တာကြောင့်  ဘန့်ဘွေးရွာက ဒေသခံတွေ ထွက်ပြေးပုန်းရှောင်နေရတယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က တရော်ကျင်း၊ ချင်းတောင်၊ ချင်းဖုန်း၊ ဘန့်ဘွေး၊ ထန်းဇင် ၊ ဝင်းကုန်း ၊ ကပိုင် စတဲ့ရွာပေါင်းများစွာဟာ စစ်ကောင်စီတပ်တွေကို တူမီးသေနတ်နဲ့ ပြန်လည်ခုခံနေတဲ့ရွာတွေ ဖြစ် ပါတယ်။

ပုလဲမြို့နယ်၊ ခင်အေးရွာအနီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကားဟာ ပြည်သူကာကွယ်ရေး တပ်ဖွဲ့တွေ ထောင်ထားတဲ့မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သေဆုံးထိခိုက်မှုကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့အထိ ငါးလနီးပါးကာလ အတွင်း၊ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှု၊ သံသယနဲ့ စစ် ကြောရေးမှာ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့်  သေဆုံးသူ စုစုပေါင်း  ၈၈၀ ရှိနေပြီး၊ ၅၁၀၄ ဦး အဖမ်းခံထားရ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။