တိုင်ကြားခံထားရတဲ့ ပုသိမ်ပါမောက္ခချုပ်ကိစ္စ တိုင်းအစိုးရ စစ်ဆေးပြီး


2017.09.03
pathein-university-622.jpg ပုသိမ်တက္ကသိုလ်ကို တွေ့ရစဉ်
.

ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်ကို ငွေကြေးအလွဲသုံးစားပြုလုပ်မှု၊ ဝန်ထမ်းခန့်အပ်ရာမှာ တစ်ဦးတည်းသဘော နဲ့ ဆောင်ရွက်ခဲ့မှုတွေရှိတယ်ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးထံ တိုင်ကြားထားမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ပြီး စစ်ဆေးတေ့ွရှိချက်တွေကို သမ္မတရုံးထံ ပြန်လည်အကြောင်းကြားထားပြီးဖြစ်တယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး က ပြောပါတယ်။

တိုင်းအစိုးရအဖွဲ့ဘက်က လေ့လာတွေ့ရှိချက်တွေကို တင်ပြထားပြီး သမ္မတရုံးကလည်း ပြန်လည်စိစစ်လိမ့်မယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး က ပြောပါတယ်။

"ကျမတို့ကနေ တင်ပြထားတဲ့ကိစ္စအပေါ်မှာ သမ္မတရုံးကနေ ပြန်ပြီးတော့ စိစစ်ပါလိမ့်မယ်ရှင့်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဘက်က စိစစ်ဖို့လည်းတာဝန် ရှိနေလို့ပါ။ ပြန်စိစစ်ပါလိမ့်မယ်။ စိစစ်မယ်လို့လည်း မျှော်လင့်ပါတယ်ရှင့်။"

ဂျပန်နိုင်ငံလေ့လာရေးခရီးစဉ်အတွက် ကျောင်းသူကျောင်းသားတွေကို ရွေးချယ်ရာမှာ ပါမောက္ခချုပ်က သူနဲ့ နီးစပ်တဲ့ကျောင်းသူကျောင်းသားတွေနဲ့ အပြင်ကသူတွေကိုပါ ထည့်သွင်းခဲ့တာတွေရှိခဲ့တယ်ဆိုပြီးလည်း တိုင်ကြားထားတယ်လို့ သိရပါတယ်။

တိုင်ကြားချက်တွေနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ခဲ့ရမှာ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်မှာ အစိုးရက သာမာန်အသုံးစရိတ် အဖြစ်ချထားပေးခဲ့တဲ့ ငွေကြေးတွေကို ခေါင်းစဉ် ပြောင်းလဲသုံးစွဲ ခဲ့တာတွေ၊ ကျောင်းသူအယောက် ၁၀၀ ဆံ့တဲ့ အဆောက်အအုံဆောက်လုပ်ဖို့ ပြည်ထောင်စု အစိုးရက ချထားပေးတဲ့ငွေကို ဧည့်ဂေဟာပုံစံ ဆောက်လုပ်ခဲ့တာတွေ တွေ့ရတယ်လို့ ဝန်ကြီး ဒေါက်တာလှမြတ်သွေး က ပြောပါတယ်။

ဒါ့အပြင် ကျောင်းသူကျောင်းသားတွေဆီက ဂျပန်-မြန်မာပညာရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ ပြုလုပ်ဖို့ ဆိုပြီး ငွေကြေးကောက်ခံခဲ့တာတွေကို တွေ့ရတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။