ပုသိမ်ကမ်းလွန်က သဘာဝဓာတ်ငွေ့ အကြောင်း အစိုးရသတင်းစာရှင်း
2018.09.25

ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်မြောက်ဘက်က ကမ်းလွန်ပင်လယ်ပြင်ထဲမှာ ကြီးမားတဲ့ သဘာဝဓာတ်ငွေ့သိုက် ခိုအောင်းနေတဲ့ “ရွှေရည်ထွန်း တွင်းအမှတ် ၂” က ထွက်တဲ့ သဘာဝဓာတ်ငွေ့ ၂၅ ရာခိုင်နှုန်းကို ပေါက်ဈေးထက်လျှော့ပြီး အစိုးရအနေနဲ့ ဝယ်ယူခွင့်ရမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။
နေပြည်တော်က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရုံးမှာ ဒီနေ့ကျင်းပတဲ့ အနောက်ဘက်ကမ်းလွန်လုပ်ကွက်က ထွက်ရှိမယ့် သဘာဝဓာတ်ငွေ့နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးဦးဝင်းခိုင်က ပြောခဲ့တာပါ။
အစိုးရအနေနဲ့ ၂၅ ရာခိုင်နှုန်းထက်ပိုပြီး ဝယ်ယူချင်တယ်ဆိုရင် ကမ္ဘာ့ပေါက်ဈေးအတိုင်း ဝယ်ယူနိုင်တယ် လို့လည်း ပြောပါတယ်။
ရွှေရည်ထွန်း-၂ တွင်းကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လမှာ စတင်တူးဖော်ခဲ့ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်မယ့် အခြေအနေ ရှိတယ်လို့လည်း သိရပါတယ်။
အဲဒီ A- 6 လုပ်ကွက်ကို မြန်မာ ပုဂ္ဂလိကလုပ်ငန်းရှင်ပိုင် MPRL ကုမ္ပဏီက ၂ဝ ရာခိုင်နှုန်း၊ သြစတြေလျနိုင်ငံ Woodside ကုမ္ပဏီက ၄ဝ ရာခိုင်နှုန်း၊ ပြင်သစ် Total ကုမ္ပဏီက ၄ဝ ရာခိုင်နှုန်းနဲ့ ရှာဖွေတူးဖော်နေတာ ဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိမှုအပေါ် မူတည်ပြီး မြန်မာအစိုးရက ခန့်မှန်းခြေ ရှယ်ယာ ၂ဝ ရာခိုင်နှုန်း ပါဝင်ခွင့် ရှိတယ်လို့လည်း သိရပါတယ်။
စီးပွားဖြစ်ထုတ်လုပ်ဖို့အတွက် တည်ဆောက်ရေးလုပ်ငန်းတွေကို နှစ်နှစ်အတွင်း တည်ဆောက်မှာဖြစ်ပြီး ငါးနှစ်အတွင်း ဓာတ်ငွေ့ထုတ်လုပ်မယ်လို့ သိရပါတယ်။