အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာ အပြီးသတ်ဆွေးနွေးဖို့ ရက်သတ်မှတ်
2014.10.24

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာကို လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး တစ်ပတ် တိတိ ပြည်ထောင်စု လွှတ်တော်မှာ အပြီးသတ်ဆွေးနွေး အတည်ပြုသွားမှာဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက က ကြေညာခဲ့ပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နာယက သူရဦးရွှေမန်းက အဲဒီလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု အစီရင်ခံစာ အပေါ် ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ် များရှိပါက သတ်မှတ်ရက်၊ သတ်မှတ်အချိန် အရောက် သတင်းပို့ဖို့တင်ပြထားတာ ရှိပါတယ်၊ ဆွေးနွေးရမှာကတော့ ကော်မတီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးရမှာဖြစ်ပါတယ်၊ ခြုံငုံဆွေးနွေးနိုင်ဖို့အတွက် ယနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပသလိုပဲ မူသဘောကို ဒါဆွေးနွေးလို ဖို့ဖြစ်ပါတယ်၊ ၁၃ ရက် ၁၁ လ ၂၀၁၄ ရက်က စတင်မှာဖြစ်ပြီးတော့ ၂၁ ရက် ၁၁ လ ၂၀၁၄ ရက်နေ့ အတည်ဆွေးနွေးမှှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်"
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ရက်နေ့က ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းထားတဲ့ အစီရင်ခံစာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆(က)နဲ့ (ခ)ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတချို့က ပြင်ဆင်ဖို့ အကြံပြုထားပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေက မပြင်ဆင်ပဲ မူလအတိုင်းသာထားရှိဖို့ အကြံပြုထားပါတယ်။
ဒါ့အပြင် နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက်ဦးတည်တယ်ဆိုတဲ့ ပုဒ်မ ၆(စ)ကို မူလအတိုင်းထားဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေက အကြံပြုထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အဲဒီပုဒ်မကို ပယ်ဖျက်ဖို့ အကြံပြုထားကြောင်း အစီရင်ခံစာမှာပါရှိပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ပုဒ်မပေါင်း ၂၁၀ ခုနဲ့ ဇယား ၅ ခုက အပိုဒ် ၂၃ ခုတို့ကို ပြင်ဆင်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။ အဲဒီအစီရင်ခံစာကို ပါဝင်ဆွေးနွေးမယ့် လွှတ်တော် ကိုယ်စားလှယ်တွေက အမည်စာရင်းတွေကို ဒီနေ့ နောက်ဆုံးပေးသွင်းရမှာဖြစ်ပါတယ်။
ဒီအတောအတွင်း NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် ဥပဒေအညီဆက်ပြီး ကြိုးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်ကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အခုလို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်မှုတွေမလုပ်ဖို့ သဘောထားရှိနေတာဟာ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နှောင့်နှေး သွားစေနိုင်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ လေ့လာသူတွေကလည်း ပြောကြားပါတယ်။ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေအပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုမျိုးဇော်ကို စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။