အုပ်ချုပ်ရေးနဲ့ တရားရေးကဏ္ဍတွေ မှာ ခြစားမှုတွေ ရှိ


2016.01.26
pyithu-hluttaw-620.jpg ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

တရားဥပဒေစိုးမိုးရေးရှိဖို့အတွက် အုပ်ချုပ်ရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေတာကို တေ့ွရကြောင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက ဒီနေ့ ပြည်သူ့လွှတ်တော်ထံ တင်သွင်းတဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ရေးရာကော်မတီက ၁၂ ခုက နောက်ဆုံးအစီရင် ခံစာတွေ တင်သွင်းခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီရဲ့အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက အခုလိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

"တရားဥပဒေစိုးမိုးရေးရှိရန်နှင့် တည်ငြိမ်အေးချမ်းမှုရှိရန် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ အဓိကဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ရန်လိုအပ်ပါသည်၊ အထူးသဖြင့် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ပိုင်းက ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက တရားဥပဒေစိုးမိုးရေး လုပ်ငန်း သည် မအောင်မြင်နိုင်ပါ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလတွင် ဗဟိုကပြုပြင်မှုများ၊ ဖြေလျှော့မှုများ လမ်းညွှန်ပြောကြားနေသော်လည်း အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများတွင် ရာစုထက်ဝက်ကျော်စွဲကပ်နေသော အလေ့အကျင့်၊ စရိုက် လက္ခဏာများ၊ အကျင့်ပျက်ခြစားမှုများ မပျောက်မပျက် တည်ရှိနေခြင်းတို့ကို သုံးသပ်တွေ့ရှိရပါသည်"

ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့တွေ စားဝတ်နေရေးပြေလည်စေရေးအတွက် နိုင်ငံတော်အစိုးရက တာဝန်ယူ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တိုက်တွန်းထား ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ငွေစာရင်းကော်မတီ၊ ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီ စတဲ့ ကော်မတီပေါင်း ၂၄ ခု ရှိပါတယ်။ အဲဒီထဲက ကျန်းမာရေး မြှင့်တင်မှုကော်မတီ၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာကော်မတီ စတဲ့ ကော်မတီ ၁၂ ခုက အစီရင်ခံစာ တင်သွင်းကြတာ ဖြစ်ပါတယ်။

နောက်ဆုံးအစီရင်ခံစာတွေထဲက အချက်တစ်ချို့ကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က ပေးပို့ထားပြီး ကိုကျော်ထွန်းနိုင်က ကောက်နုတ်တင်ပြ ထားတာနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။