မြန်မာလွှတ်တော် ကိုယ်စားလှယ်များ ဂျာမဏီ လေ့လာရေးခရီး စတင်

ဂျာမဏီနိုင်ငံက လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်လေ့လာဖို့ မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကနေ ထွက်ခွာသွားပါတယ်။

2012.05.04

မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေအတွက် ပထမဆုံး ဥရောပခရီးစဉ် ဖြစ်ပါတယ်။ ဒီအစီစဉ်ကို ဂျာမဏီနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ LDP ပါတီနဲ့ နီးစပ်တဲ့ Friedrich Naumann Foundation က ဖိတ်ခေါ်ခဲ့တာ ဖြစ်တယ်လို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က အခုလို ပြောပါတယ်။

" ဒီခရီးစဉ်ကတော့ FNF ကဖိတ်တာ၊ Friedrich Naumann Foundation ကဖိတ်တာ၊ အဲဒီဖိတ်စာလေးပြပြီးတော့မှ ခွင့်ပြုချက်နဲ့ သွားကြတာပါ။ ဂျာမန်ပါလီမန် ကျင်းပတဲ့ကာလလို့ ပြောတယ်ဗျ။ အဲဒီမှာ လေ့လာဖို့ရှိတယ်။ နောက် ခရီးသွား ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာန သူတို့လိုက်ပြတဲ့ နေရာလေးတွေကို လိုက်လေ့လာကြမှာပါ"

ဒေါက်တာအေးမောင်နဲ့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP က ဦးစိုင်းအိုက်ပေါင်း၊ ပြည်ခိုင်ဖြိုးပါတီက ဦးဝင်းဦး၊ ဦးဝင်းသန်း၊ ဦးအေးမောက်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဦးမင်းဦးနဲ့ ဒေါက်တာလှမြတ်သွေးတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဂျာမဏီခရီးစဉ်ဟာ သီတင်းတစ်ပတ် ကြာမြင့်မှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။