တည်ဆဲဥပဒေ တချို့ ပြုပြင်ပြောင်းလဲဖို့ လွှတ်တော်မှာ အဆိုတင်သွင်း

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကနေ တည်ဆဲ ဥပဒေ တချို့ကို အချိန်အခါနဲ့ အညီ ပြုပြင်ပြောင်းလဲဖို့ မနေ့က အဆို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

2011.08.22
parliament_2011_naypyidaw_305_z.png ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်နေသည်ကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
(Photo: AFP/MRTV 4)

အမြတ်ခွန် ဥပဒေ ရုပ်သိမ်းရေး ဥပဒေ အပါအဝင် ဥပဒေကြမ်း (၅) ခု ပြင်ဆင်ဖို့ လွှတ်တော်မှာ အဆို တင်သွင်းခဲ့တယ်လို့ ရခိုင် ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

ဥပဒေကြမ်း ပြင်ဖို့ ဆွေးနွေးချင်တဲ့ လွှတ်တော် အမတ်တွေ အနေနဲ့ လာမည့် သောကြာနေ့ မတိုင်ခင် လွှတ်တော်ရုံးကို သွားပြီး ဆွေးနွေးခွင့် အတွက် တရားဝင် တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် မနေ့က ကျင်းပတဲ့ အမျိူးသား လွှတ်တော်နဲ့ ပြည်သူလွှတ်တော် နှစ်ရပ်လုံးမှာ ယာယီ လုပ်ငန်း ကော်မတီ အများအပြား ဖွဲ့စည်းခဲ့ပါတယ်။ တိုင်းရင်းသား ရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီ၊ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးနဲ့ ပြည်ပရောက် နိုင်ငံသားများ ဆိုင်ရာ ကော်မတီ၊ အမျိူးသား စီမံကိန်းနဲ့ ငွေရေးကြေးရေး ဆိုင်ရာ ကော်မတီ၊ ပညာရေး ကျန်းမာရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာ ကော်မတီ၊ ပြည်သူများရဲ့ တိုင်ကြားစာနဲ့ အသနားခံလွှာ ကော်မတီ စတဲ့ ယာယီ ကော်မတီတွေကို ဖွဲ့ခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒီကနေ့ ဆက်လက် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကနေ ယုံကြည်ချက်ကြောင့် ပြစ်ဒဏ် ကျခံနေရသူတွေ လွှတ်ပေးဖို့ အဆိုကို တင်သွင်းမယ်လို့ သတင်းတွေ ထွက်နေတဲ့ အပေါ်မှာ လွှတ်တော် အမတ်တွေ အနေနဲ့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဒ့ါအပြင် ဒီအဆိုကို အခြား နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ် အမတ်တွေက ဝိုင်းဝန်း ထောက်ခံမယ်လို့ နေပြည်တော် သတင်းရပ်ကွက် အဆိုအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။