ထူးချွန်ဝန်ထမ်းတွေကို ချီးမြှင့်ဖို့ လွှတ်တော် အတည်ပြု


2018.01.25
dr-winthein-622 ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဥက္ကဌ ဒေါက်တာ ဝင်းသိန်း ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ထူးချွန်စွာတာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေထဲက သင့်လျော်တဲ့ ဝန်ထမ်းအရေးအတွက်ကို ဘွဲ့တံဆိပ်၊ အဆောင်အယောင်၊ အပန်းဖြေခရီး၊ နိုင်ငံခြားပညာတော်သင်ခရီး စတဲ့ချီးမြှင့်မှုတွေပြုလုပ်ဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဥက္ကဌ ဒေါက်တာ ဝင်းသိန်း က အဆိုကို အတည်ပြုပေးဖို့ အခုလို ပြောပါတယ်။

"လက်ရှိတွင်လည်း နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးလျှက်ရှိခြင်း၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက် ကြေညာသည့်အခမ်းအနားတွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ လမ်းညွှန်မှုပေး ပြီးဖြစ်ခြင်း၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်အား အကောင်အထည်ဖော်ရန် အုပ်ချုပ်မှုအစီအမံများအတွက် ဦးဆောင်ကော်မတီ ဖွဲ့စည်းရန်အတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ ဗဟိုအဖွဲ့အစည်းများ အကြီးအမှူးများဖြင့် ဆွေးနွေးလျှက်ရှိခြင်းတို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး ဒေါက်တာ အေးမင်း၏ အဆိုကို လွှတ်တော်က အတည်ပြုပေးပါရန် ပြည်သူ့လွှတ်တော် ဥက္ကဌကြီးမှတဆင့် လေးစားစွာ တင်ပြအပ်ပါတယ်"

၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်ကနေ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်အထိ ဝန်ထမ်းတွေထဲက ၂၅၀၀၀ ကျော်ကို ပြည်ပနိုင်ငံတွေကို အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ လေ့လာရေး စေလွှတ်နိုင်ခဲ့တယ်လို့လည်း ဒေါက်တာ ဝင်းသိန်းက ပြောပါတယ်။

ပါဝင်ဆွေးနွေးတဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်သီဟက အဆိုထဲက သင့်လျော်တဲ့ အရေအတွက်ဆိုတာကို ပြန်လည်စဉ်းစားဖို့ အကြံပြုပါတယ်။

အဲဒီနောက် ခရမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဦးအေးမင်းရဲ့ အဆိုကို တပ်မတော်သား ကိုယ်စားလှယ် ၂ ဦး အပါအဝင် ကိုယ်စားလှယ် ၁၆ ဦးက ထောက်ခံဆွေးနွေးပြီး ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။