ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းရေး လွှတ်တော်က အတည်ပြု
2011.09.01

Photo: AFP/MRTV 4
ဒါ့အပြင် မနေ့က အမျိုးသား လွှတ်တော် အစည်းအဝေးမှာ တင်ပြ ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းရေး အဆိုကို အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ မနေ့က ဒီအဆို တင်သွင်းရာမှာ အမျိုးသား လွတ်တော် အမတ် ဦးထွန်းလွင်က တင်သွင်းခဲ့တာ ဖြစ်ပြီး ရခိုင် အမျိုးသား အထက် လွှတ်တော် အမတ် ဒေါက်တာအေးမောင် က ငြိမ်းချမ်းရေး ကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်လို အများပြည်သူ လေးစား ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ရေး ကိစ္စကို တင်ပြခဲ့ပါတယ်။ဒါပေမယ့် ဒီအချက်ကို ဆုံးဖြတ်ချက်မှာ ထည့်သွင်း မဆုံးဖြတ်ခဲ့ဘူးလို့ သိရပါတယ်။
ဒီကနေ့ အမျိုးသား လွတ်တော်ဆိုင်ရာ ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေး စဉ်းစားရန် သဘောတူချက်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြင်ဆင်ဖို့ ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
"အဲဒါတွေကတော့ နဂိုကတည်းက ပြင်ချင်တဲ့ဟာတွေကို သူတို့က မူကြမ်းအဖြစ် ကျနော်တို့ကို ပေးထားတာ တပါတ်လောက် ရှိပါပြီ။ တချို့ စာသား အသုံးအနှုံးတွေ၊ အဓိပ္ပါယ် ပြောင်းစေတဲ့ဟာတွေ ပါပါတယ်။ ဥပဒေကြမ်း ကော်မတီကနေပြီးတော့ စာအနေအထားတွေရော ပါပါတယ်။ စာသား ပြောင်းသွားတယ်။ နောက် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီဆိုတဲ့ စာသားတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဓိပ္ပါယ် နှစ်ခွထွက်နေတာတွေ ပြင်တာတွေပါ။"
ဒီကနေ့ အစည်းအဝေးမှာပဲ တိုင်းရင်းသား ဒေသတွေက အခြေအနေတွေနဲ့ ပတ်သက်ပြီး အဆိုသစ် တစ်ရပ် တင်သွင်းခဲ့ပါတယ်။ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ က လွှတ်တော်အမတ် ဦးနေဝင်းထွန်းက တိုင်းရင်းသား ဒေသတွေမှာ ပုဂ္ဂလိက ကုမ္ပဏီတွေ ဖွဲ့စည်း တည်ထောင်ခွင့်ပြုဖို့ တင်ပြခဲ့တာပါ။
ဒီကနေ့ လွှတ်တော် ကိုယ်စားလှယ်တွေက မေးခွန်း ၈-ခု မေးမြန်းကြကြောင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က စစ်တပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်း ၂-ခု ကို ကာကွယ်ရေး ဝန်ကြီးက ဖြေကြားခဲ့ပြီး ကရင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသတွေက ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်း ၆-ခု ကိုတော့ ဆက်သွယ်ရေး ဝန်ကြီးက ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးက အဆိုပြုချက်တွေ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိက တင်ပြထား ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |