ကလေးစစ်သား မိဘများ ILO ကိုတိုင်ကြား
2010.08.17

မအူပင်မြို့နယ် ကဝက္ကင်းကျေးရွာက ဦးကျော်စိုးနိုင်နဲ့ ဒေါ်ကြူကြူမွှေးတို့ရဲ့ သား မောင်ဇာနည်ဦးဟာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပြီး ဆေးကုသခံနေရတဲ့ ကရင်ချောင်းကျေးရွာ စံပြတိုက်နယ် ဆေးရုံကြီးကနေ ဇူလိုင်လ ၁၈ ရက်နေ့က ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
ကလေးကို လိုက်ရှာတဲ့အခါမှာ အဲဒီ မောင်ဇာနည်ဦးဟာ တွံတေးမြို့ကို ရောက်သွားကြောင်း သတင်းရပြီး သူ့ကို အမည်မသိ လူတယောက်က ခေါ်လာပြီး တွံတေးမြို့ရွှေစာရံ ဘုရားခြေရင်းမှာ ရှိတဲ့ ဒေါ်ချစ် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ တပ်ကြပ် ဆန်းညွန့်လက်ကို အပ်လိုက်တာကို တွေ့လိုက်တဲ့ မျက်မြင်တွေ့သူတွေက ပြောလို့ သိရကြောင်း ကလေးရဲ့မိခင် ဒေါ်ကြူကြူမွှေးက ပြောပြပါတယ်။
“လူတယောက်က လာပြီး ခေါ်လာပြီးတော့ ဒီရွှေစာရံ တပ်ရင်း ၇၀ က ဆန်းညွန့်ဆိုတဲ့လူကို လာပို့သွားပြီးတော့ သူက ကျမ သားကို မေးတယ် မင်းစစ်တပ်ထဲ ဝင်မလား ဘာလား ဆိုပြီးတော့ ကျမသားက ခေါင်းငြိတ်ခေါင်းခါပဲ ပြောတယ်။ အရပ်ကလူ တယောက်က ကျမတို့ကို ဘယ်လိုပြောလဲဆိုတော့ ဒီကလေးကပေါ့နော်။ တပ်ရင်း ၇၀ က လှကြိုင်ဆိုတာ ရှိတယ် သူက တရစ်၊ ဆန်းညွန့်က နှစ်ရစ် ဆိုင်ကယ်နဲ့တင်ပြီး ခေါ်သွားတယ်၊ ဘယ်မှာထားလဲ ဆိုတာကိုတော့ သူတို့အသေအချာ မသိဘူး။ အဲဒီ လှကြိုင်ရဲ့ သူ့တပည့်က ကျမတို့ကို ပြောပြတယ် အကုန်လုံး။”
မောင်ဇာနည်ဦးကို ပြန်လည်ရှာဖွေပြီး မိဘဆီ ပြန်ခေါ်လို့ရအောင် ဆောင်ရွက်ပေးဖို့အတွက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းသူများအဖွဲ့ရဲ့ အကူအညီနဲ့ အိုင်အယ်လ်အိုကို သွားရောက် တိုင်ကြားလိုက်တာ ဖြစ်ပါတယ်။
အိုင်အယ်လ်အို အဖွဲ့အနေနဲ့ ၂၀ဝ၂ ခုနှစ်ကတည်းက စတင်ပြီး မြန်မာနိုင်ငံမှာ ရုံးဖွင့်လှစ်ကာ ကလေးစစ်သားအရေး ကာကွယ်ပေးမှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပေမဲ့ ကလေးစစ်သားကိစ္စ ပပျောက် မသွားသေးပဲ ဖြစ်နေရတာဟာ မြန်မာ လူမှုအသိုင်းအဝိုင်းအတွင်း ချို့ယွင်းမှုတွေ ရှိနေတာကြောင့်လို့ အလုပ်သမားသမဂ္ဂ ပေါ်ပေါက်ရေးကြိုးပမ်းသူများအဖွဲ့ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။
“တပ်ရင်းတရင်းက နှစ်လကို ကလေးစစ်သား ၂၆ ယောက် ရှာပေးရတယ်၊ တယောက်ကို ငွေငါးသောင်းနဲ့ ဆန်အိတ်တအိတ် ရရှိတယ်လို့ ပြန်လွတ်လာတဲ့ ကလေး စစ်သားတွေရဲ့ ပြောကြားချက်အရ ကျနော်တို့ သိရတယ်။ ဒီလိုမျိုး ဖြစ်ပေါ်နေရတာဟာ မြန်မာ လူမှုအသိုင်းအဝိုင်းမှာ ဖြစ်ကြတဲ့သူတွေဟာ စီးပွားရေးအရ နိမ့်ပါးတာတွေလည်း ပါတယ်။ ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေ အရမ်းအားနည်းနေတာတွေလည်း ပါတယ်။ အဖက်ဖက်က လူမှုစီးပွားရေး နိမ့်ကျနေလို့သာ ပေါ်ပေါက်နေရတာ ဖြစ်ပါတယ်။”
အလုပ်သမားသမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းသူများအဖွဲ့အနေနဲ့ လောလောဆယ်မှာ အိုင်အယ်လ်အိုနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့ ကလေးစစ်သားအမှု သုံးမှု ၃မှု ရှိကြောင်းသိရပါတယ်။