ပလိပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
2017.12.17

မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်ရှင် အလုပ်သမားအကြား သဘော တူညီချက်တွေကို အလုပ်ရှင်ဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်လို့ဆိုပြီး အလုပ်သမား အင်အား ၃၀၀ လောက်က ဒီနေ့ စက်ရုံကနေ မန္တလေးမြို့ မနော်ရမ္မံဟစ်တိုင်ကွင်းထိ ဆန္ဒပြခဲ့ကြပါတယ်။
၈ လကျော်ကြာ သပိတ်စခန်းဖွင့် တောင်းဆိုရာကနေ တောင်းဆိုချက်တွေကို လိုက်လျောမယ်ဆိုပြီး အလုပ်ရှင် ဘက်က အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပေမယ့် လိုက်နာဖို့ ပျက်ကွက်တာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် မဇာခြည်ဝင်းက ပြောပါတယ်။
အလုပ်ရှင် အလုပ်သမား စာချုပ်သဘောတူညီချက်အရ အလုပ်ဖြုတ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ၄ ဦးထဲက ၂ ဦးကို ခံဝန်ကတိနဲ့ အစမ်းခန့် ၃ လ ပြန်ခန့်လိုက်ပြီး အဲဒီ ၂ ဦးရဲ့ လုပ်ငန်းခွင်မှာ ပူးပေါင်းပါဝင်မှုပေါ် မူတည်ပြီး ကျန်တဲ့ နှစ်ဦးကို ပြန်ခန့်ပေးဖို့ သဘောတူထားပေမယ့် စာချုပ်ချုပ်ပြီး ဆယ်လကြာပေမယ့် ကျန်တဲ့ နှစ်ယောက်ကို ခန့်အပ်ခြင်းမရှိတာ၊ ဒါ့အပြင် အလုပ်သမားတွေကို နေအိမ်ပြင်ပေးမယ်ဆိုတဲ့ ကတိတွေ၊ ရေခ မီးခတွေ အဆမတန်ပေးနေရတာတွေကို ဖြေရှင်းမပေးတာ၊ အလုပ်သမားရပိုင်ခွင့်တွေ ဆောင်ရွက်ပေးမယ်လို့ စာချုပ်မှာပါပေမယ့် ဆောင်ရွက်ပေးတာမျိုးမရှိဘူးလို့လည်း ဆိုပါတယ်။
ပန်ဒါအထည်ချုပ်စက်ရုံဟာ အရင်က အစိုးရပိုင်ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ပန်ဒါကုမ္ပဏီကို လွှဲပြောင်းပေးခဲ့တာဖြစ် ပါတယ်။ အဲဒီလိုလွှဲပြောင်းပြီးနောက်ပိုင်းမှာ ကုမ္ပဏီက အလုပ်ရှင်အလုပ်သမား သဘောတူညီမှု စာချုပ်ပါ အချက်လက်တွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး အလုပ်သမားတွေက ၂၀၁၆ ခုနှစ် ဇွန်လကစပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အခုချိန်ထိ ပြေလည်မှု မရသေးတာဖြစ်ပါတယ်။