ထန်းပင်တွေ ခုတ်လှဲရောင်းချနေတာကို ဒေသန္တရအမိန့်နဲ့ တားမြစ်မည်


2018.05.29
palm-tree-622.jpg ခုတ်ထားတဲ့ထန်းပင်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - တော်ဝင်ထန်း ဖေ့ဘွတ်

မန္တလေးတိုင်းဒေသကြီးအတွင်း ထန်းပင်တွေကို ခုတ်လှဲရောင်းချနေတာတွေကို တားမြစ်ဖို့အတွက် ဒေသန္တရ အမိန့်ထုတ်ပြန်ချက်တွေကို မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးရုံးတွေထံ တိုင်းအစိုးရအဖွဲ့က ပေးပို့ထား ပါတယ်။

ကျေးလက်အုပ်ချုပ်ရေးမှူးတွေထံကို မြို့နယ်အုပ်ချုပ်ရေးမှူးတွေက စာပေးပို့ အတည်ပြုပြီးတာနဲ့ အမိန့်က အသက်ဝင်မှာဖြစ်တယ်လို့ ကျောက်ပန်းတောင်းမြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင် က ပြောပါတယ်။

"တိုင်းဒေသကြီးအစိုးရကတော့ အုပ်ချုပ်ရေးမှူးတွေကို ဒါနဲ့ပတ်သက်ပြီးတော့ ဒေသန္တရအမိန့်ဆန်ဆန် စာထွက်လိုက်တယ်၊ အခုရက်ပိုင်းအတွင်း အကျုံးဝင်တော့မှာပါ၊ အခုတော့ စာထွက်ထားတာပဲရှိ တယ်၊ ကျေးလက်အုပ်ချုပ်ရေးမှူးတွေ အကုန်လုံးကို မြို့နယ်အုပ်ချုပ်ရေးမှူးကပို့မယ်၊ ပို့ပြီးရင် အတည်ပြု ချက်ဝင်ပြီးမှ အသက်ဝင်မှာပါ၊ အညာဒေသရဲ့ ပြယုဒ်လေးတစ်ခုကို မတိမ်ကော၊ မပျောက်စေချင်တဲ့ စိတ်နဲ့ပဲ လုပ်နေကြတာပါ၊ သဘာဝပတ်ဝန်းကျင်လည်း ဘာပဲပြောပြော၊ အနည်းနဲ့အများထိခိုက် တာပေါ့၊ အဲဒါမျိုးတွေကြောင့် တားဆီးမှုတွေဖြစ်တယ်။"

ထန်းပင်တွေကို အချောထည်ပရိဘောဂတွေအဖြစ် လုပ်ကိုင်ရင် တစ်ပင်ကို ငွေကျပ်သိန်းနဲ့ချီရကြပေမယ့် ထန်းတောင်သူတွေကတော့ တစ်ပင်ကို ငွေကျပ် ၅ ထောင်လောက်နဲ့သာ ရောင်းချနေကြတာဖြစ်တယ်လို့ ဦးအေးခိုင် က ပြောပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို အနည်းနဲ့အများ ထိခိုက်မှုတွေ ရှိနိုင်တာကြောင့် ဒီကိစ္စကို တားမြစ်ဖို့အတွက် တိုင်းအစိုးရအဖွဲ့ထံ စာပေးပို့တင်ပြခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ထန်းပင်ခုတ်လှဲရောင်းချမှုတွေ များပြားခဲ့ပြီး အခုလက်ရှိမှာတော့ တော်ဝင်ထန်းအဖွဲ့က ထန်းပင်တွေကို မခုတ်လှဲကြဖို့အတွက် ပညာပေးလုပ်ငန်းတွေ လုပ်ကိုင်နေတာကြောင့် အခုနောက်ပိုင်း ခုတ်လှဲရောင်းချမှုတွေ ရပ်နားထားတယ်လို့ သိရပါတယ်။

ဒီမေလအတွင်းမှာပဲ တော်ဝင်ထန်းအဖွဲ့က ကျောက်ပန်းတောင်းမြို့က ကျေးရွာတွေမှာ ထန်းနဲ့ ဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွေ၊ ထန်းတောင်သူဘဝမြှင့်တင်ရေးဆိုင်ရာ အဆင့်မြင့်လက်မှုပညာ ရက်တိုသင်တန်းတွေကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။