ပလောင်တပ်နဲ့ အစိုးရတပ် နေ့စဉ် လိုလို တိုက်ပွဲများဖြစ်ပွား


2015.06.26
gov-army-620.jpg လှုပ်ရှားသွားလာနေသော အစိုးရတပ်သားတချို့ကို တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသအတွင်းမှာ အစိုးရတပ်နဲ့ တအာင်းလွတ်မြောက်ရေး တပ်တွေအကြား အခုရက် ပိုင်းမှာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ မန်တုံ၊ ကွတ်ခိုင် စတဲ့ ဒေသတွေမှာ ဇွန်လ ၁၇ ရက်နေ့က စတင်ပြီး မနေ့ကအထိ အစိုးရတပ်နဲ့ TNLA  လို့ခေါ်တဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော်အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ တာအိုက်ကျော်က ပြောပြပါတယ်။

"မနေ့က တိုက်ပွဲဖြစ်တဲ့နေရာကတော့ ကျောက်မဲ။ ကွမ်းစလန်းနဲ့ ပန်လောရွာကြားမှာ ၃ ကြိမ်ဖြစ်တယ်။ တစ်နေရာတည်း မနက် ၉ နာရီ ၂၀ ကနေ ၁၀ နာရီခွဲထိ တစ်ကြိမ်၊ ၁၁ နာရီမတ်တင်းကနေ ၁၂ ခွဲလောက်က တစ်ကြိမ် ခနလေး ငြိမ်သွားပြီး ညနေ ၃ နာရီ လောက်မှာ ဖြစ်တယ် ကျန်တဲ့တစ်နေရာကတော့ မန်တုံ နားလိုင် ရွာဘေးမှာဖြစ်တယ် အဲဒါကျတော့ တိုက်ပွဲက တစ်နာရီကျော်လောက်ကြာတယ် ။ တိုက်ပွဲက ၁၇ ရက်နေ့ ကနေ မနေ့ကထိ တောက်လျှောက်လိုဖြစ်တယ် မဖြစ်တာက ၂၃ ရက်နေ့ တစ်ရက်ပဲ မဖြစ်တာ"

တိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်ဒဏ်ရာရတာတွေ ရှိပေမယ့် အခုအချိန်အထိ အတိအကျ မသိရသေးဘူးလို့ ဆိုပါ တယ်။ အစိုးရတပ်က အဲဒီပလောင်ဒေသ အတွင်းမှာ  စစ်အင် အားတွေ တိုးချထားတာကြောင့် နောက်ထပ်လဲ တိုက်ပွဲတွေ ဖြစ်နိုင်သေးတယ်လို့ လဲ သူက ဆက်ပြောပါတယ်။

"၁၆ ရက်နေ့ ကနေ မနေ့ကထိ ကျနော်တို့ ဒေသမှာ အစိုးရဘက်က စစ်အင်အား ၁၅၀၀ လောက် ပြန်ပြီး အင်အားဖြည့်ထားတာတွေ့တယ်။ ၁၀၅ မမ လက်နက်ကြီး တွေနဲ့ ဒီလမ်းမမှာ ရှိတဲ့ တပ်တွေကို ချထား တာတွေ့ရတယ်။ တပ်မ ၉၉ တို့ တက်လာ တယ်။  ၇၇၊ ၈၈ ပြန်ပြီး အင်အားဖြည့်ထားတယ်၊ ဒီအတိုင်းဆို ရင်တော့ တိုက်ပွဲက ပိုပြီးပြင်းထန်လာမယ့်အနေအထားရှိတယ် ကျနော်တို့တပ်ရှိတဲ့နေရာ လှုပ်ရှား တဲ့နေရာတွေကို သူတို့တပ်က တောက်လျှောက်လိုက်လာတယ်"

ကျေးရွာတွေနဲ့ နဲနဲဝေးတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင် ရတဲ့ အခြေအနေမရှိပေမယ့်လည်း အားလုံးက စိုးရိမ်ထိတ်လန့်နေကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။