ပလောင်တပ်နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား


2013.06.18

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်ကြားမှာ အစိုးရတပ် လှုပ်ရှားစစ်ကြောင်းတစ်ကြောင်းက ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တပ်စခန်းကို ဒီကနေ့ နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နှစ်နာရီကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကတော့ ကွတ်ခိုင်မြို့နဲ့ ၁ဝ မိုင်အကွာမှာအခြေစိုက်ထားတဲ့ TNLA တပ်ရင်း ၁၁၂ က တပ်ရင်းမှူး တာဝိန်းမာန် ဦးဆောင်တဲ့ တပ်စခန်းမှာဖြစ်တယ်လို့ အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော်က ပြောပါတယ်။

"ကွတ်ခိုင်မြို့နယ် ညောင်လန်းကျေးရွာနားက ကျနော်တို့စခန်းကို အစိုးရတပ်တက်လာတော့ အဲမှာတိုက်ပွဲဖြစ်တာပေါ့၊ ၁၁ နာရီခွဲလောက်ဖြစ်တယ်၊ ၁ နာရီခွဲလောက်တော့ပြီးသွားတယ်၊ သူတို့က လက်နက်ကြီးစပစ်တာကအကြာကြီးပဲ၊ ဆက်တိုက်ပစ်ပြီးတော့မှ တောက်လျှောက်ပြေးတက်လာတာ၊ ကျနော်တို့တိုက်ပွဲဖြစ်ကြပြီးတော့မှ နောက်ပိုင်းကျတော့ သူတို့ ကျနော်တို့စခန်းအထိ တက်လာလို့မရတော့မှ နောက်ဆုံးပြန်ဆုတ်သွားတယ်၊ အခုညောင်လန်းရွာထဲမှာပဲရှိနေသေးတယ်၊ ဒီညသူတို့ထပ်ပြန်တက်ရင်တော့ ထပ်ဖြစ်ဦးမှာပဲ၊ အခုညောင်လန်းရွာ အထွက်ကနေပြီးတော့မှ ကျနော်တို့တပ်ကုန်းဘက်ကိုတော့ လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းထုတယ်၊ နာရီဝက်သာသာ၊ ၁ နာရီသာသာ အဲလိုတော့ ဆက်ထုနေတယ်"

ဒီကနေ့ ညနေ ၅ နာရီအထိ ဆက်သွယ်မေးမြန်းချက်အရ ပလောင်တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်ခံနေရဆဲဖြစ်ပြီး လောလောဆယ် နှစ်ဖက်ထိခိုက်ကျဆုံးမှုကို အတိအကျ မပြောနိုင်သေးဘူးလို့ မိုင်ဘုန်းကျော်က ဆက်ပြောပါတယ်။

TNLA ပလောင်တပ်ဖွဲ့ aတွကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အစိုးရတပ်ဖွဲ့ကတော့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချူပ် စကခ ၁၆ လက်အောက်ခံ ကွန်လုံမြို့ အခြေစိုက်တပ်ရင်း ၁၄၅ က ဗိုလ်မှူး စောယုနိုင် ဦးဆောင်တဲ့ အင်အား ၁ဝဝ ကျော်ပါဝင်တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။