ပဲခူးတိုင်းဝန်ကြီးချုပ်ထံ လယ်သမားအခက်အခဲ တင်ပြမည်

ပဲခူးတိုင်း၊ ပဲခူးမြို့ ကွေ့တန်းရှည်ရွာ၊ ကျိုက်ကေရွာနဲ့ ရွာတန်းရှည်ရွာတွေအပိုင် စားကျက်မြေကို စစ်အစိုးရလက်ထက်က စစ်ထောက်လှမ်းရေးနဲ့ ရဲသတင်းတပ်ဖွဲ့က သိမ်းခဲ့ပြီး ငါးကန်တွေ တူးဖော်ခဲ့တာကြောင့် ဒေသခံလယ်သမားတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကို ဖြေရှင်းပေးဖို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းထံ တင်ပြနိုင်ရေးအတွက် လယ်သမားတွေက လက်မှတ်တွေကို ဒီကနေ့ စတင်စုဆောင်းနေပါတယ်။

2012.09.21
farmers-protest-b305 လယ်ယာမြေ သိမ်းခံရသော လယ်သမားများ စုဝေး ဆန္ဒပြနေကြစဉ်။
RFA

စားကျက်မြေတွေကို သိမ်းယူပြီး ငါးကန်တွေ လုပ်ပစ်လိုက်တဲ့အတွက် ဒေသခံလယ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး လယ်သမား အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအသင်းရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုအောင်သန်းက RFA ကို အခုလို ပြောပါတယ်။

"စစ်ထောက်လှမ်းရေးလက်ထက်က သိမ်းယူထားတဲ့ အကွက်တွေရယ်၊ သတင်းတပ်ဖွဲ့က သိမ်းထားတဲ့အကွက်တွေကြောင့် စားကျက်မြေက ပျောက်သွားပြီး ငါးကန်တွေလုပ်လိုက်တယ်။ ငါးကန်တွေက ရွာကြီးကို ပတ်ထားတဲ့ တာရိုးကြီးလို ဖြစ်ပြီးတော့ ရေတွေတက်လို့ရှိရင် ငါးကန်ဘောင်တွေက ရွာကရေတွေမထွက်နိုင်ပဲ တာကြီးနဲ့ ဝိုင်းပတ်ထားသလိုဖြစ်နေတယ်။ ရေတွေတင်နေတော့ စပါးတွေကို ရေနှစ်သတ်သလို ဖြစ်နေတာပေါ့။ ရေ ၁၄-၅ ရက်လောက်မကျပဲနဲ့ အဲဒီမှာ ကန်ကြီးလို ဖြစ်နေတာ။ စပါးတွေက နှစ်တိုင်း နှစ်တိုင်းပျက်တယ်။ ကျွဲ နွားတွေကိုကျွေးဖို့ စားကျက်မြေမရှိတဲ့အတွက် မြက်တွေဘာတွေ ရိတ်လို့မရဘူး"

စားကျက်မြေ ပျောက်သွားတဲ့အတွက် ကျွဲနွားတွေကြွေးဖို့ မြက်ခင်းတွေ မရှိတော့သလို၊ နွားကျောင်းဖို့နေရာတွေလည်း မရှိတော့ပါဘူး။ ကျွဲနွားအစာအတွက် ငါးမွေးကန်တွေရဲ့ ဝန်းကျင်က မြက်တွေကို သွားရောက်ရိတ်ယူရင်လည်း ငါးကန်ပိုင်ရှင်တွေက တရားစွဲတာမျိုးတွေ လုပ်တယ်လို့ ကိုအောင်သန်းက ပြောပါတယ်။

အဲဒီအခက်အခဲတွေကြောင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ စာပို့တောင်းဆိုမှာ ဖြစ်ပါတယ်။ လောလောဆယ် လယ်သမား ၁၀၀ ကျော်ရဲ့လက်မှတ်တွေ ရရှိထားပြီးဖြစ်ပြီး လက်မှတ်ပေါင်း ၃၀၀ လောက် ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စုဆောင်းရရှိတဲ့ လက်မှတ်တွေကို လာမယ့်တနင်္လာနေ့မှာ ဝန်ကြီးချုပ်ထံ ပေးမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။