၁၀ လအတွင်း မူးယစ်ဆေးဝါးတရားခံ ငါးထောင်ကျော် ဖမ်းဆီး


2013.11.08
unodc-305.jpg ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ အသင်းမှာ နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပတဲ့ UNODC ရဲ့ နှစ်ပတ်လည် အစီရင်ခံစာ ရှင်းလင်းပွဲကိုတွေ့ရစဉ်
Photo - RFA/Aung Myat Soe

မြန်မာနိုင်ငံရဲတပ်ဖွဲ့က၂၀၁၃ ခုနှစ် ဇန်နဝါရီလ ကနေ အောက်တိုဘာလကုန်အထိ ၁ဝ လတာကာလအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက် ကားတဲ့ တရားခံစုစုပေါင်း ၅၅၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့မှူး ရဲမှုးကြီးမြင့်သိန်းက အခုလိုပြောပါတယ်။

“ဘိန်းက ၂ဝ၁၃ အောက်တိုဘာလကုန်အထိ ၄၃၉ မှု၊ ဘိန်းဖြူအနေနဲ့ကတော့ ၁ဝ၂၄ မှု၊ အမ်ဖက်တမင်းအနေနဲ့ကတော့ ၁၂၄၁ မှု၊ အမ်ဖက်တမင်းအိုက်စ်ပေါ့နော် ခရစ်စတယ်ကတော့ ၁၃ မှု၊ ဒီနှစ်အတွင်းမှာ အမှုအရေအတွက် ၃၈၅၃ မှု ဖမ်းဆီးရမိပြီးတော့ တရားခံပေါင်း ၅၅၅၇ ဦး ဖမ်းဆီးရမိပြီးဖြစ်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းမှာ စိတ်ကြွဆေးပြားထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း ၁၃ တန် ကျော်ကို ဖမ်းဆီးမိခဲ့သလို၊ ဘိန်းဖြူကီလိုရာနဲ့ချီပြီး ဖမ်းမိတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမူတွေဟာ နိုင်ငံတစ်နိုင်ငံတည်းကို အခြေပြုလှုပ်ရှားတာမဟုတ်ဘဲ ဒေသ တွင်းနိုင်ငံတွေကို မှီတည်ပြီး လုပ်ကိုင်နေတာဖြစ်တဲ့အတွက် ဒေသတွင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးဖို့လိုတယ်လို့ ရဲမှူးကြီးမြင့်သိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာလည်း မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမူ ၄၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံစုစုပေါင်း ၅၇၀၀ ကျော်ကို အရေးယူခဲ့တဲ့အပြင် စိတ်ကြွဆေးပြား စက်ရုံတစ်ရုံကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ကမ္ဘာတဝှမ်းကထွက်ရှိတဲ့ မူးယစ်ဆေးဝါးရဲ့ ၅၉ ရာခိုင်နှုန်းလောက်ဟာ အရှေ့အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ထွက်တာဖြစ်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ယာဘလို့ခေါ်တဲ့ မက်သာအမ်ဖက်တမင်း စိတ်ကြွဆေးပြားအများဆုံး ထုတ်လုပ်ရာ နိုင်ငံတစ်ခုဖြစ်နေတယ်လို့ UNODC ခေါ် ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့က ပြောလိုက်ပါတယ်။

“အာရှနဲ့ပစိဖိတ်ဒေသအတွက် စိန်ခေါ်ချက်များ” လို့ အမည်ပေးထားတဲ့ UNODC ရဲ့ နှစ်ပတ်လည် အစီရင်ခံစာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ဒီမနက်ကကျင်းပပြီး ထုတ်ပြန်ကြေညာလိုက်တာပါ။ မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ထုတ်လုပ်မှုအခြေအနေနဲ့ ပတ်သက်တဲ့တွေ့ရှိချက်ကို အစီရင်ခံစာပြုစုတဲ့ UNODC ရဲ့ Global SMART program အဖွဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးထွန်းနေစိုးက အခုလိုပြောပါတယ်။

“ယာဘနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံဟာ အခုချိန်အထိတော့ အဓိကထုတ်လုပ်တဲ့နိုင်ငံတွေထဲမှာပဲ၊ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာချည်းပဲ ထုတ်လုပ်တာတော့မဟုတ်ဘူး၊ တခြားနိုင်ငံတွေမှာလည်း ထုတ်လုပ်တယ်၊ ကျနော်တို့ အစီရင်ခံစာထဲမှာလည်း ဖော်ပြထားတယ်၊ မြန်မာပြည်ကနေပြီးတော့ ထုတ်လုပ်တဲ့ဟာက တစ်နှစ်တစ်နှစ်ကို သန်းပေါင်းများစွာထုတ်လုပ်တယ်လို့ ကျနော်တို့ယုံကြည်တယ်”

အထူးသဖြင့် မြန်မာ၊ ထိုင်း၊ လာအိုနဲ့ တရုတ်နိုင်ငံနယ်စပ်တွေကနေ ဖမ်းမိတာက ၉၉ ရာခိုင်နှုန်းရှိ တယ် လို့အစီရင်ခံစာက ဆိုပါတယ်။ UNODC ရဲ့ ဒေသဆိုင်ရာသုတေသီ ရှောင်ကယ်လီကလည်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ မနှစ်ကတစ်နှစ်ထဲတင် မက်သာအမ်ဖက်တမင်းအပြားရေ ၂၂၇ သန်းဖမ်းမိခဲ့ပြီး၊ ပြီးခဲ့တဲ့ ၅ နှစ် တာကာလထက် ဖမ်းမိတဲ့အရေအတွက် ပိုပြီးများလာနေတာတွေ့ရတယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေဟာလည်း မြန်မာနိုင်ငံဘက်မှာ ထုတ်လုပ်ထားတာတွေ ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ ယာဘခေါ် စိတ်ကြွဆေးတွေကို ဓာတုဗေဒပစ္စည်းတွေကနေ ထုတ်လုပ်တာဖြစ်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်တောင်ပေါ်ဒေသတွေမှာရှိတဲ့ ရွှေ့လွယ်ပြောင်းလွယ် ဓါတ်ခွဲခန်းအသေးစားတွေကနေ ထုတ်လုပ်နေတာလို့ ဆိုပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံကတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။