AA ဖမ်းဆီးထိန်းသိမ်းထားတဲ့ ငါးဖမ်းသမား ငါးဆယ်ကျော် ဘင်္ဂလားဒေ့ရှ်ပြန်ပို့

RFA Burmese
2025.04.17
AA ဖမ်းဆီးထိန်းသိမ်းထားတဲ့ ငါးဖမ်းသမား ငါးဆယ်ကျော် ဘင်္ဂလားဒေ့ရှ်ပြန်ပို့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၅၅ ဦးကို ၂၀၂၅ ဧပြီလ ၁၆ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အာရက္ခတပ် တော်(AA) က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့စဉ်။
Arakan Bay News

အာရက္ခတပ်တော် (AA) ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၅၅ ဦးကို ဧပြီလ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ ပြန်လည်လွှဲပြောင်းလိုက်တယ်လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

“စစ်ကောင်စီအုပ်ချုပ်တဲ့အချိန်ကဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ရခိုင်ပင်လယ်ပြင်မှာ တံခါးမရှိဓားမရှိ ဝင်ရောက်ပြီး ငါးဖမ်းခဲ့ကြတာပေါ့။ အခုတော့ အာရက္ခတပ်တော်က ကိုယ့်ပိုင်နက်ကို စနစ်တကျထိန်းကွပ်လာချိန်မှာ ရခိုင်ပင်လယ်ပြင်ထဲကိုဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ဖမ်းဆီးပြီးရင် သူတို့ကိုစနစ်တကျပြန်လည်လွှဲပြောင်းပေးနေတာပါ” လို့ အာရက္ခတပ်တော် (AA) နဲ့ နီးစပ်တဲ့ မောင်တောဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကနေ မတ်လအတွင်း မြန်မာနိုင်ငံရေပိုင်နက်ကို ဝင်ရောက်ပြီး ငါးဖမ်းခဲ့ကြရာကနေ အာရက္ခတပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ရခိုင်ပြည်နယ် အခြေစိုက် Arakan Bay News သတင်းဌာနက ဖော်ပြပါတယ်။

သူတို့ကို အာရက္ခတပ်တော် (AA) တာဝန်ရှိသူတွေက ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့လက်ထဲကို တိုက်ရိုက် လွှဲပြောင်းပေးလိုက်တာလို့ဆိုပါတယ်။

ဒါပေမဲ့ ငါးဖမ်းပိုက်တွေနဲ့ စက်လှေတွေကိုတော့ အာရက္ခတပ်တော်(AA) က ပြန်လည်ပေးအပ်တာမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေက ရေးသားကြပါတယ်။

ကီလိုမီတာ ၂၇၀ ကျော်ခန့်ရှည်လျားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။