နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အဖွဲ့အစည်း၁၃ ဖွဲ့ တောင်းဆို
2015.11.20

အစိုးရသစ်ကို အာဏာမလွှဲခင်မှာ နိုင်ငံရေးအကျဉ်းသားတွေ၊ တရားရင်ဆိုင်နေရတဲ့ ကျောင်းသားတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအားလုံးကို လွှတ်ပေးဖို့ အဖွဲ့ ၁၃ ဖွဲ့က သမ္မတဦးသိန်းစိန်ကို ဒီနေ့ မေတ္တာရပ်ခံတိုက်တွန်းလိုက်ပါတယ်။
အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရပ်နားဖို့ မေတ္တာရပ်ခံခဲ့သလို၊ အစိုးရဘက်ကိုလည်း သူတို့ကို လွှတ်ပေးဖို့ တိုက်တွန်းတာဖြစ်တဲ့အကြောင်း အဖွဲ့ ၁၃ ဖွဲ့မှာပါဝင်တဲ့ ရွှေဝါရောင်သံဃာတော်များကွန်ရက်အဖွဲ့က ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးပဏ္ဍဝံသ က RFA ကို မိန့်ပါတယ်။
"ဒီအဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က အစာငတ်ခံဆန္ဒပြတဲ့ ကျောင်းသားတွေကိုတော့ မေတ္တာရပ်ခံချက်တွေ ထုတ်ပြီးပြီ အခုကျန်နေတာကတော့ အစိုးရကိုပြန်ပြီးတော့ မေတ္တာရပ်ခံချက်တွေ ထုတ်ပေးဖို့လိုတယ်၊ ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သပိတ်မှောက်နေတဲ့ ကျောင်းသားတွေနဲ့ အခြားနိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာမရှိသေးဘူးလေ၊ အဲ့ဒါနဲ့ အစိုးရကို မေတ္တာရပ်ခံချက်လေးတစ်ခုလောက် ထုတ်မယ်ဆိုပြီးတော့ ဒီဥစ္စာကိုထုတ်လိုက်တာ၊ အာဏာလွှဲပြောင်းရေးမတိုင်ခင်မှာ ပြည်သူတွေရဲ့ဆန္ဒကိုယ်စားအနေနဲ့ မေတ္တာ ရပ်ခံချက်ထုတ်လိုက်တာပါ"
မေတ္တာရပ်ခံတဲ့ အဖွဲ့ ၁၃ ဖွဲ့ထဲမှာ ရွှေဝါရောင်သံဃာတော်များကွန်ရက်အဖွဲ့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့၊ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၊ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ်တွေဖွဲ့ထားတဲ့ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့နဲ့ Generation Wave အဖွဲ့တို့လည်း ပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ အဖွဲ့ ၁၃ ဖွဲ့က သမ္မတဦးသိန်းစိန်ကို ဒီနေ့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်တာ နဲ့ပတ်သက်လို့ ရွှေဝါရောင်သံဃာတော်များကွန်ရက်အဖွဲ့က ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးပဏ္ဍဝံသကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။