ပြည်သူ့အတွက် “ပွင့်လင်းလွှတ်တော်” လာပြီ
2016.08.05

လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်မယ့် "ပွင့်လင်းလွှတ်တော်" အင်တာနက်စာမျက်နှာနဲ့ "Open Hlutaw" Facebook စာမျက်နှာကို ရန်ကုန်မြို့ ဖန်တီးရာအဖွဲ့ရုံးမှာ ဒီကနေ့ စတင်မိတ်ဆက်လိုက်ပါတယ်။
ပြည်သူတွေ သိချင်တာတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့အသံနားထောင်ဖို့ အဓိကရည် ရွယ်ပြီး "ပွင့်လင်းလွှတ်တော်" အင်တာနက်စာမျက်နှာကို ဖွင့်လှစ်လိုက်ရတာဖြစ်တယ်လို့ အင်တာနက် စာမျက်နှာ ဖန်တီးရာမှာ ပါဝင်ခဲ့တဲ့ မြန်မာ့ပဉ္စမမဏ္ဍိုင်အဖွဲ့ရဲ့ IT ပညာရှင် ကိုစိုးလင်းထွဋ် က ပြောပါတယ်။
"ပြည်သူတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောစရာကိစ္စတွေ၊ တင်ပြစရာကိစ္စတွေ၊ တိုင်ပင်စရာတွေ၊ အသိပေးစရာတွေ ရှိနေတယ်လို့ ကျနော်တို့ယူဆတယ်၊ အဲ့လိုပဲ တစ်ချိန်တည်းမှာပဲ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ကလည်း သူတို့ရဲ့မဲဆန္ဒရှင်သော်လည်းကောင်း တကယ့်လက်တွေ့ အခြေအနေမှာဆိုရင် အားလုံးဆီကိုရောက်အောင် လက်လှမ်းမီဖို့အတွက် အားလုံးအသံနားထောင်ပြီး ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် အခက်အခဲတွေရှိနိုင်တယ်လို့ပဲ ကျနော်တို့က ယူဆပါတယ်၊ ဒီလိုမျိုးအခြေအနေရှိတဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေ ထိထိရောက်ရောက် ဆက်သွယ်နိုင်မယ့် အလွယ်တကူဆက်သွယ်နိုင်မယ့်နည်းလမ်းတွေ ဖန်တီးပေးလိုက်မယ်ဆိုလို့ရှိရင် လူတွေကအဲ့တော့မှ လုပ်လို့ရပါလား၊ အဆက်အသွယ်လုပ်လို့ရပါလား ဆိုလို့ရှိရင် လုပ်ကိုင်ကြမယ်၊ ဆက်သွယ်ကြဖို့အတွက် ဆန္ဒရှိမယ်လို့လည်း ကျနော်တို့က ယူဆပါတယ်"
လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အချက်အလက်တွေကို ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ကနေ ရယူထားတာဖြစ်သလို မြန်မာ့ပဉ္စမမဏ္ဍိုင်အဖွဲ့က နည်းပညာကူညီထားတာဖြစ်ပါတယ်။
အွန်လိုင်းပေါ်ကနေ လွှတ်တော်ကိုယ်စားတွေကို အမုန်းစကားပြောဆိုတာတွေကိုလည်း စောင့်ကြည့်သွား မှာဖြစ်တယ်လို့ ပွင့်လင်းလွှတ်တော် ဝက်ဆိုဒ်ဖန်တီးသူတွေက ပြောပါတယ်။
ပွင့်လင်းလွှတ်တော် အင်တာနက်စာမျက်နှာမှာ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖုန်း၊ အီးမေးလ် စတဲ့ကိုယ်ရေးအချက်အလက်တွေကိုဖေါ်ပြထားပြီး အင်တာနက်စာမျက်နှာပေါ်ကနေ ဆက်သွယ် စကားပြောဆိုနိုင်အောင်လည်း ပြုလုပ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ Facebook စာမျက်နှာတွေနဲ့လည်း ချိတ်ဆက်ထားပြီး နောက်ပိုင်းမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေကိုပါ ဆက်သွယ်မေးမြန်းဆွေးနွေးနိုင်ဖို့ ထည့်သွင်းသွား မှာလည်း ဖြစ်ပါတယ်။
ပွင့်လင်းလွှတ်တော် အင်တာနက်စာမျက်နှာရဲ့လိပ်စာက http://openhluttaw.info ဖြစ်ပြီး Facebook အကောင့်ကတော့ "Open Hlutaw" နာမည်နဲ့ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
အင်တာနက်စာမျက်နှာပြုလုပ်ရာမှာပါဝင်တဲ့ IT ပညာရှင် ကိုထင်ကျော်အေးကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။