မြန်မာအစိုးရ လူ့အခွင့်အရေး တိုးမြှင့်ဆောင်ရွက်ဖို့လို

အမေရိကန်သမ္မတအိုဘားမားက မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတယ်ဆိုပေမဲ့ လူ့အခွင့်အရေး နဲ့ပတ်သက်ပြီး ပိုပြီးတိုးတက်ရှိအောင် လုပ်ဖို့လိုတယ်လို့ သြစတေးလျား ပါလီမန်မှာ ဒီကနေ့ ပြောလိုက်ပါတယ်။

2011.11.17
obama-julia-gillard-305 ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က အမေရိကန် သမ္မတ အိုဘားမားနှင့် သြစတေးလျနိုင်ငံ ဝန်ကြီးချုပ် Julia Gillard တို့ သြစတေးလျ ပါလီမန် ညစာစားပွဲ အခမ်းအနားတွင် အတူတကွ တွေ့မြင်ရစဉ်။ (Official White House Photo by Pete Souza)
White House

အမေရိကန်သမ္မတ အိုဘားမားဟာ အင်ဒိုနီးရှား နိုင်ငံဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံ ညီလာခံကို တက်ရောက်ဖို့ အသွားမှာ Australia နိုင်ငံကို ရောက်ရှိနေခိုက် ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန် သမ္မတ အိုဘားမားက မြန်မာအစိုးရဟာ နိုင်ငံရေး အကျဉ်းသား တချို့ကို ပြန်လွှတ်ပေးခဲ့သလို တွေ့ဆုံဆွေးနွေးရေးကိုလည်း စတင် အကောင်အထည်ဖော်နေပြီ ဆိုပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ရှိနေဆဲလို့ ဆိုပါတယ်။

မြန်မာအစိုးရနဲ့ဆက်ဆံရေး တိုးမြင့်မှု အဆင့်ဆင့်နဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့မူဝါဒ သဘောထားကို မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆို သွားမှာပါလို့ ပြောပါ တယ်။

အမေရိကန် ဥရောပ နဲ့ Australia နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ တားဆီးရေးတွေ ပြန်ရုပ်သိမ်းဖို့ မြန်မာအစိုးရအပေါ် တောင်းဆိုတဲ့ အချက်အလက်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား အားလုံးပြန်လွှတ်ပေးဖို့ ပါဝင်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဋ္ဌာန ထိပ်တန်း အစိုးရအရာရှိတစ်ဦးက မြန်မာအစိုးရသစ်အနေနဲ့ မကြာခင်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ဒုတိယအကြိမ် လွှတ်ပေးဖို့ ရှိတယ်လို့ ရိုက်တာ သတင်းဌာနကို ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။ အခုအချိန်မှာ သမ္မတ ဦးသိန်းစိန်လည်း အာဆီယံညီလာခံကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ရောက်ရှိ နေပါတယ်။

မြန်မာအစိုးရအနေနဲ့ လာမဲ့ ၂၀၁၄ ခုနှစ် အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌ နေရာ ဆက်ခံနိုင်ရေးမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုဟာ အထောက်အကူပေးတဲ့ အချက်ဖြစ်တယ်လို့ အကဲခတ်တွေက ရှုမြင် သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။