ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အာဆီယံကိုယ်စားလှယ်ကို NUG တောင်းဆို

2022.03.21
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အာဆီယံကိုယ်စားလှယ်ကို NUG တောင်းဆို အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn
Photo: RFA

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ရဲ့ ခရီးစဉ်အတွင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို တွေ့ဆုံဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က မတ်လ ၂၁ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

ခရီးစဉ်အတွင်း အာဆီယံ ကိုယ်စားလှယ်အနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေ ရပ်တန့်အောင် တွန်းအားပေးဖို့၊ NUG ဒါမှမဟုတ် တိုင်းရင်းသားအဖွဲ့တွေကနေ တဆင့် မြန်မာပြည်သူတွေဆီ လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးအပ်ဖို့လည်း တောင်းဆိုချက်ထဲမှာ ပါပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ဆီ NUG အနေနဲ့ တွေ့ဆုံလိုကြောင်း နှစ်ကြိမ်တိုင်တိုင် စာရေးသား ပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ကလည်း သူ့ခရီးစဉ်အတွင်းမှာ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ တွေ့ဆုံမယ်လို့ ပြောထားတာဖြစ်ပါတယ်။ ဘယ်သူတွေနဲ့ တွေ့မလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောထားတာမရှိပါဘူး။

အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ပေးမှာ မဟုတ်ကြောင်း အတိအလင်းပြောထားပါတယ်။ ဒါပေမဲ့ NLD ကိုယ်စားလှယ်တချို့နဲ့ တွေ့ဆုံခွင့်ပေးမယ်လို့ စစ်ကောင်စီကပြောထားတာပါ။

NLD ဘက်ကတော့ တခြား NLD ကိုယ်စားပြုသူတွေနဲ့ တွေ့ဆုံမှာကို ကန့်ကွက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲ တွေ့ဖို့ ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဖို့လည်း NUG က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တောင်းဆိုပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ဟာ ဒီကနေ့ မနက်ပိုင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို တန်ဖိုးမထားဘဲ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အားပေးအားမြောက်လုပ်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။