ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေး ဆက်လျှောက်မယ်လို့ NUG နဲ့ NUCC ကြေညာ
2023.03.31

လွတ်လပ်မှု တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ ဆက်လက်လျှောက်လှမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့်မှာ ပူးတွဲကြေညာချက် ထုတ်လိုက်ပါတယ်။
ပြည်သူလူထုတစ်ရပ်လုံးနဲ့ တော်လှန်ရေးမှာပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေကိုလည်း အလေးအနက်ထားစဉ်းစားပြီး ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့်ကို ရခိုင်ပြည်အမျိုးသားကောင်စီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ Kachin Political Interim Coordination Team (KPICT)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာများသမဂ္ဂ စတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။
NUCC အနနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ရေးဆွဲအတည်ပြုတဲ့နေရာမှာ မပါဝင်သေးတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေအားလုံး ပါဝင်နိုင်မယ့် အခင်းအကျင်း အသစ်ကို ထပ်မံဖော်ဆောင်ဖို့ လိုအပ်ကြောင်း ရခိုင်ပြည်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော် ANC/ AA က တိုက်တွန်းလိုက်ပါတယ်။
အခြားတော်လှန်ရေး အဖွဲ့အစည်းတွေကလည်း ဖက်ဒရယ်ပဋိညာဉ်အတိုင်း အကောင်အထည်ဖော်တဲ့နေရာမှာ မူရင်းပဋိညာဉ်ဖြစ်တဲ့ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နဲ့ ပင်လုံမူတို့ကို မမေ့လျော့ဘဲ နိုင်ငံရေးအင်အားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း တိုက်တွန်းထားကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း NUG အနေနဲ့ အားလုံးပါဝင်ရေးမူကို ကိုင်စွဲထားပြီး စုပေါင်းခေါင်းဆောင်မှု စံနှုန်းကို အခြေပြုထားကြောင်း လက်တွေ့ကျကျ မလုပ်နိုင်တာတွေ၊ အကန့်အသတ်တွေ ရှိနေသေးတယ်လို့ မတ်လ ၃၁ ရက်နေ့မှာ ပြောခဲ့ပါတယ်။
၂ဝ၂ဝ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ၂ဝ၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီပဋိညာဉ်ဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး ပပျောက်ရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ အရပ်သားပြည်သူ့အစိုးရ ပေါ်ထွန်းရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့အညီ ရေးဆွဲထားတာလို့ ဆိုပါတယ်။ အဲဒီပဋိညာဉ်ကို အခြေပြုပြီး ဧပြီလ ၁၆ ရက်နေ့မှာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်းလည်း ကြေညာခဲ့တာဖြစ်ပါတယ်။