ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးထောင်တဲ့ ပါတီအသစ်ကို မှတ်ပုံတင်ခွင့်ပြု


2018.03.27
seinwin-622.jpeg မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း ကို တွေ့ရစဉ်
ဓါတ်ပုံ - မအူပင်စိန်ဝင်း ဖေ့စ်ဘွတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ နှုတ်ထွက်ခဲ့တဲ့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း တည်ထောင်တဲ့ နိုင်ငံရေးပါတီအသစ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင် ခွင့်ပြုလိုက်ပါတယ်။

အဲဒီပါတီဟာ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ NUD လို့ အမည်ပေးထားပြီး ပါတီရုံးချုပ် ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ချင်းတွင်းလမ်းနဲ့ ခေတ္တာလမ်းထောင့်မှာ ဖွင့်လှစ်ထားပါတယ်။

NUD ပါတီကို မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဦးစိန်ဝင်းဟာ သူ့ရဲ့လက်မှတ်နဲ့ မမှန်ကန်တဲ့ စာသားတွေကို ဖြန့်ဝေခဲ့လို့ဆိုပြီး မအူပင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသက်ကိုလေးနဲ့ ပါတီဝင် ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦးကို လိမ်လည်မှုပုဒ်မ ၄၂၀ ၊ အသရေ ဖျက်မှု ပုဒ်မ ၅၀၀ တွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက မအူပင်မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

အဲဒီလိုအမှုဖွင့်တာကို ပါတီထံကို အကြောင်းကြားစာ မပို့လို့ဆိုပြီး မအူပင်မြို့နယ် NLD ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် တာဝန်ကနေ ရုပ်သိမ်းခံခဲ့ရပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာ ကော်မတီဥက္ကဌ တာဝန်ကနေလည်း ဖယ်ရှားခံလိုက်ရပါတယ်။

အဲဒီနောက် ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ဦးစိန်ဝင်းဟာ NLD ပါတီကနေ နုတ်ထွက်ပြီး တသီးပုဂ္ဂလကိုယ်စားလှယ် အဖြစ်သာ ရပ်တည်လိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားစာ ပေးပို့ခဲ့ တာ ဖြစ်ပါတယ်။

ဦးစိန်ဝင်းဟာ တောင်သူလယ်သမားအရေးကို လှုပ်ရှားခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။