အာဏာသိမ်းပြီးနောက် အမျိုးသမီး ၃၀၀ ကျော်အသတ်ခံထားရတယ်လို့ NUCC ထုတ်ပြန်
2022.11.27

စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသမီး သုံးရာကျော်အသတ်ခံရပြီး အမျိုးသမီးသုံးထောင့်လေးရာကျော် မတရားဖမ်းဆီးခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC )က နိုဝင်ဘာလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြောပါတယ်။
NUCC က လက်လှမ်းမှီသလောက်ပြုစုထားတဲ့ စာရင်းတွေအရ အသတ်ခံရသူ ၂၃၂၇ ဦးမှာ အမျိုးသမီး ၃၀၈ ဦး ပါဝင်ပြီး ဖမ်းဆီးခံထားရသူ ၁၆၄၃၂ ဦးမှာ အမျိုးသမီး ၃၄၃၄ ဦးပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေကို မုဒိန်းမှုကျူးလွန်ပြီး သတ်ခဲ့တာ ၁၂ မှုရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က စစ်ကောင်စီက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် နိုင်ငံရေးအရ အကြမ်းဖက်မှု၊ ဖွဲ့စည်းတည်ဆောက်ပုံအရ အကြမ်းဖက်မှု၊ ဓလေ့ထုံးတမ်းအရ အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက ပြည်တွင်းပဋိပက္ခတွေဖြစ်တိုင်း အမျိုးသမီးနဲ့ ကလေးငယ်တွေကို မုဒိန်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ စစ်လက်နက်တစ်ခုလိုအသုံးပြုကျူးလွန်နေပြီး အရေးယူခံရမှု ကင်းလွတ်ခွင့်ရနေတဲ့အပေါ် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးကောင်စီရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
နိုင်ငံတကာမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ နှစ်စဉ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုလုပ်ဆောင်ကြပြီး ပြည်သူအားလုံး ဒီလှုပ်ရှားမှုမှာပါဝင်ဖို့ NUG က တိုက်တွန်းထားပါတယ်။