နေပြည်တော်မှာ သုံးရက်ဆက်တိုက် ဗုံးကွဲ
2023.03.03
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့ထိ သုံးရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော် မြို့ခံတွေက ပြောကြပါတယ်။
မတ်လ ၂ ရက်နေ့ မနေ့က ညနေ ၆ နာရီကျော်မှာ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်လမ်းနဲ့ ချိုင်းရွာ လမ်းဆုံမှာ စစ်တပ်နဲ့ရဲက စခန်းချ လုံခြုံရေးယူထားတဲ့ စစ်ဆေးရေးဂိတ်မှာ ဗုံးကွဲခဲ့ပါတယ်။
မတ်လ ၁ ရက်နေ့ ညပိုင်းကတော့ နေပြည်တော်ရဲ့ လူစည်ကားတဲ့ စားသောက်ဆိုင်တန်း တွေရှိရာ ဧရာဝတီလမ်းက Mandalay Paradise စားသောက်ဆိုင်မှာ ဗုံးကွဲခဲ့တာပါ။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတော့ ရွှေကြာပင်ရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံလည်းဖြစ် ဦးသိန်းစိန် အစိုးရလက်ထက် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဦးမြညိမ်းရဲ့ နေအိမ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာလို့ နေပြည်တော်မြို့ခံတစ်ဦးက ပြောပါတယ်။
“အခုရက်ပိုင်း ဗုံးပေါက်တာတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ Mandalay Paradise နဲ့ ချိုင်းရွာ လမ်းဆုံမှာ ဖြစ်တာမှာတော့ ပေါက်ကွဲသံအကျယ်ကြီးပဲ အဝေးက တောင်ကြားရတယ်။ ကျနော်တို့ သိရသလောက်တော့ ဗုံးကွဲမှု သုံးကြိမ်လုံး ပစ္စည်းတွေ ထိခိုက်တာရှိပေမယ့် လူတွေထိခိုက်တာ မရှိဘူး”
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးမြညိမ်းရဲ့ နေအိမ်ကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက် လို့ အာဏာသိမ်း လုပ်ငန်းစဉ်မှာ နောက်ကွယ်က ပူးပေါင်းပါဝင်နေလို့ တိုက်ခိုက်ရတာ ဖြစ်ကြောင်း စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့ -NPT က မတ်လ ၃ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
နောက်ထပ် ဗုံးပေါက်ကွဲမှု နှစ်ခုနဲ့ ပတ်သက်လို့တော့ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ မသိရသေးသလို ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးနဲ့တိုက်ခိုက်ခံရသေးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကတော့ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားနဲ့ လယ်ဝေးမြို့နယ်အစပ်က အမှတ် ၂၀၃၀ လေကြောင်းရန် ကာကွယ်ရေးတပ်ကို နေပြည်တော် PDF က တာဝေးပစ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နေပြည်တော်မှာ စစ်ကောင်စီရုံးစိုက်တဲ့မြို့ ဖြစ်တာကြောင့် မြို့အဝင်၊ အထွက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးသလို မြို့ပေါ်က အချက်အချာကျတဲ့ နေရာတွေမှာလည်း စစ်တပ်နဲ့ရဲက လုံခြုံရေးအပြည့်နဲ့ တင်းကျပ်ထားပါတယ်။