ဖမ်းဆီးခံ မနိုဘယ်အေး အပါအဝင် နှစ်ဦး ပစ်သတ်ခံရကြောင်း ဝေါ PDF အဖွဲ့ပြော

2024.02.16
ဖမ်းဆီးခံ မနိုဘယ်အေး အပါအဝင် နှစ်ဦး ပစ်သတ်ခံရကြောင်း ဝေါ PDF အဖွဲ့ပြော ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင်ကျင်းပသည့် မြင်းခြံထောင် နိုင်ငံရေးအကျဉ်းသားဟောင်းများတွေ့ဆုံပွဲမှာ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးအား တွေ့ရစဥ်။
Citizen Journalist

ပဲခူးတိုင်း ဝေါမြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူဟောင်း မနိုဘယ်အေးနဲ့ ကိုအောင်ကိုဟိန်းတို့နှစ်ဦးကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ဝေါမြို့နယ်တရားရုံးက ရုံးထုတ်အပြန်မှာ ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သားတွေက ပစ်သတ်လိုက်တယ်လို့ ဝေါမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ က RFA ကို ဒီနေ့ပြောပါတယ်။

သူတို့နှစ်ဦးကို အမှတ် (၉၀၁) အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်မှာ စစ်ကြောရေး လုပ်နေခဲ့တာဖြစ်ပြီး ဝေါမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ပြီးအပြန် လမ်းခုလတ်မှာ ပစ်သတ်ခံလိုက်ရတာလို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

“ရုံးတင်တယ်။ ရုံးတင်ပြီး စစ်ကြောရေးစခန်းကို ပြန်ခေါ်တာမှာ ဝေါနဲ့ ဘုရားကြီးကြားမှာ ကျိုက်လတ်ရွာရှိတယ်။ အဲဒီရွာအထွက်မှာ ထွက်ပြေးတယ်ဆိုပြီး နှစ်ယောက်လုံးကို ပစ်သတ်လိုက်တာ။ အဲဒီနေ့မှာပဲ အလောင်းတွေကို သေချာထုတ်ပိုးပြီးတော့ ရင်ခွဲရုံကိုပို့တယ်။ အလောင်းကို ဘယ်သူမှ အကြည့်မခံဘူး။ ညနေမိုးချုပ်ကာနီးမှာ တိုးတိုးတိတ်တိတ်ပဲ သင်္ဂြိုဟ်လိုက်တာ”

မနိုဘယ်အေး သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ အာဏာပိုင်တွေက မိသားစုဝင်တွေကို အသိပေး အကြောင်းကြားလာတာမျိုး မရှိသေးဘူးလို့ မနိုဘယ်အေးရဲ့မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။

“ဘာတွေ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ကျွန်တော်တို့ဆီကို အခုချိန်ထိ အကြောင်းကြားတာ မရှိသေးဘူး။ မိသားစုအနေနဲ့ အရမ်းစိုးရိမ်တယ်။ ဒီလိုဖြစ်တယ်လို့ သိရှိတဲ့သူတွေက အတည်ပြုလာလို့ ကျွန်တော်လည်း ဘာလုပ်ရမယ်မသိဘူး။ ဆောက်တည်ရာမရ ဖြစ်နေတယ်။ ခိုင်လုံသော တိကျတော့ သတင်းအချက်အလက်တွေကို တာဝန်ရှိတဲ့သူတွေက ထုတ်ပြောလာတာကို ကျွန်တော်တို့ လိုချင်တယ်”

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ဒီသတင်းဟာ မဟုတ်မမှန်ဘူးလို့ တုံ့ပြန်ပါတယ်။

“အဲဒါမဟုတ်ပါဘူးခင်ဗျ။ သတင်းတု၊ သတင်းမှားပါ။ မဟုတ်မမှန်တဲ့ သတင်းဖြန့်ဝေမှု ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်”

နိုင်ငံရေး အကျဉ်းသူဟောင်း မနိုဘယ်အေးနဲ့ ကိုအောင်ကိုဟိန်းတို့နှစ်ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့ ညပိုင်းမှာ ပဲခူးတိုင်း ဝေါမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တာပါ။

မနိုဘယ်အေးဟာ ၉၆ မျိုးဆက် ကျောင်းသူတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်မှာ တစ်ကြိမ် နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

ကိုဗစ် - 19 ကပ်ရောဂါကာလမှာတော့ လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်တယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။

ကိုအောင်ကိုဟိန်းကတော့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး သူ့ရဲ့ ကိုယ်ရေး အချက်အလက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

၂၀၂၃ ခုနှစ်၊ ဇွန်လတုန်းကကလည်း ဒိုက်ဦးထောင်ကနေ ထောင်ပြောင်းဖို့အတွက် ခေါ်ထုတ်သွားပြီးနောက် လမ်းမှာကားမှောက်တဲ့အချိန် ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတယ်ဆိုတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းကတော့ မိသားစုဝင်တချို့ထံကို အကျဉ်းဦးစီးဌာနက အကြောင်းကြားစာတွေ ပို့ခဲ့တာပါ။

အဲဒီထောင်ပြောင်းဖြစ်ရပ်မှာ လူပေါင်း ၃၇ ယောက်ရှိပြီး၊ သေဆုံးတဲ့သူ ရှစ်ယောက်အထိရှိနေတာကို အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကျန်တဲ့သူတွေ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းလို့မရခဲ့ကြပါဘူး။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူပေါင်း ၄၅၂၆ ဦး သေဆုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။