မွန်ပြည်သစ်ပါတီကို ထောက်ခံကြိုဆိုပွဲ USDP ကျင်းပ
2018.02.28

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဂုဏ်ပြုထောက်ခံပွဲကို မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒီနေ့ မွန်ပြည်နယ် ချောင်းဆုံမြို့၊ ချောင်းဆုံအနောက်စိန်ပါတီကွင်းမှာ ကျင်းပခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီဟာ ပြည်နယ်မှာ အဓိကကျတဲ့ အဖွဲ့ဖြစ်ပြီး အခုလို NCA လက်မှတ်ထိုးတာကို ပြည်သူတွေက ကြိုဆိုဖို့လိုတာကြောင့် ပြုလုပ်တာလို့ မွန်ပြည်နယ် ပြည်ထောင်စုကြံ့ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး က ပြောပါတယ်။
"သူတို့ NCA လက်မှတ်ရေးထိုးတဲ့ကိစ္စက ငြိမ်းချမ်းရေးအတွက် အရေးကြီးတယ်လေ၊ နောက်တစ်ခုက မွန်ပြည်သစ်ပါတီကလည်း ကျနော်တို့ ပြည်နယ်အတွင်းမှာ အဓိကကျတဲ့အဖွဲ့ဖြစ်တယ်ပေါ့နော်၊ ဒီလိုလုပ်တဲ့ အတွက် ဘာပဲဖြစ်ဖြစ် ကိုယ့်ပြည်နယ်က ပြည်သူတွေက နွေးနွေးထွေးထွေး ကြိုဆိုဖို့လိုတယ်လို့ ယူဆတဲ့အတွက် ကျနော်တို့လုပ်တာပါ"
မွန်ပြည်သစ်ပါတီ ဂုဏ်ပြုထောက်ခံပွဲကို မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ပေါင် နဲ့ ချောင်းဆုံ စတဲ့ မြို့နယ် ၅ မြို့နယ်က ပါတီဝင်တွေ ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်က ဦးဆောင်ပြီး မွန်ပြည်သစ်ပါတီ ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အစိုးရနဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတာ ဖြစ်ပြီး တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မကျင်းပခင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။