NMSP နဲ့ မွန်ဝန်ကြီးချုပ် တေ့ွဆုံ


2017.11.28
nmsp-mon-govt-meet-622.JPG မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တို့ နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ဆုံစဉ်
Photo: Kyaw Lwin Oo/RFA

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးရေးနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မွန်ပြည်သစ်ပါတီခေါင်းဆောင်တွေဟာ ဒီနေ့မနက်ပိုင်းက မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စုမှာရှိ တဲ့ ပုပ္ပဝတီသာသနာပြုနယ်မြေက ကိုယ်ရင်လေးကျောင်းမှာ တွေဆုံခဲ့ကြပါတယ်။

ဒီနေ့ ဆွေးနွေးမှုကို သတင်းထုတ်ပြန်လို့ မရကြောင်း နဲ့ NCA လက်မှတ်ထိုးဖို့ကိစ္စကိုလည်း မပြောနိုင်သေးကြောင်း မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာ က ဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။

"သူတို့နှစ်ဘက်က တိုးတိုးတိတ်တိတ်ပဲ ညှိနှိုင်းထားတယ်။ လျို့ဝှက်ထားတယ်။ ဒါကတော့ အခြေအနေအရ ပေါ့ဗျာ။ မပြောနိုင်သေးဘူးဗျာ"

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဒီနေ့တွေ့ဆုံဆွေးနွေးပွဲဟာ NCA ရေးထိုးရေးနဲ့ ပတ်သက်ပြီး ဦးဆောင်ကျင်းပပြုလုပ်တာဖြစ်တဲ့အကြောင်း နဲ့ ပြည်သူတွေပျော်ရတော့မယ်လို့ ကိုယ်ရင်လေးကျောင်းဆရာတော်က မိန့်ပါတယ်။

မွန်ပြည်သစ်ပါတီအပါအဝင် UNFC အဖွဲ့ဝင်တွေအားလုံး လာမယ့်ဇန်နဝါရီလ တတိယပတ်မှာ ပြုလုပ်မယ့်  ၂၁ ရာစုပင်လုံညီလာခံမတိုင်ခင်မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ဒီဇင်ဘာလအတွင်း ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ဟာ အစိုးရသစ်လက်ထက်မှာ လေးကြိမ်တွေဆုံခဲ့ပြီး မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ငံသာပါဝင်တဲ့ တွေ့ဆုံမှုကတော့ ဒါပထမဆုံးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မွန်ပြည်သစ်ပါတီဗဟိုဌာနချုုပ်မှာပြုလုပ်တဲ့ အရေးပေါ်အစည်းအဝေးမှာ NCA လက်မှတ်ရေးထိုးရေး နဲ့ မွန်အမျိုးသားရေးကိစ္စတွေ အဓိကဆွေးနွေးခဲ့တယ်လို့လည်း နိုင်ဟံသာက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။