မွန်ပြည်သစ်ထိန်းချုပ်ရွာ ၅၀ ကျော်မှာ ကိုဗစ်ကူးစက်ခံရသူ မရှိသေး

မင်းခိုင်စိုးလင်း
2021.01.24

ကျေးရွာပေါင်း ၅၀ ကျော်ရှိတဲ့ မွန်ပြည်သစ်ဗဟိုဌာနချုပ်ရှိတဲ့ ဘုရားသုံးဆူကနေ ရေးချောင်းဖျားဒေသအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိဘူးလို့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်စိုက်ချမ်းထော( ကိုဗစ်ကူးစက်မှုကာကွယ်ရေးကော်မတီဝင်၊ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်)

“မွန်ပြည်သစ်ရဲ့ ဧရိယာအပြည့်နဲ့ ပြောရရင် ဘုရားသုံးဆူကနေ ရေးချောင်းဖျားဒေသအထိနဲ့ ဗဟိုဌာနချုပ် ဝန်းကျင်၊ အဲဒီဒေသတဝိုက်မှာဆိုရင် ကိုဗစ်နဲ့ပတ်သက်ပြီး ဖြစ်ပွားမှု၊ ကူးစက်မှုတွေမရှိဘူး ကျွန်တော်တို့ က ဘာနဲ့ကြည့်လဲဆိုတော့ ကိုဗစ်က မွန်ပြည်သစ်ရဲ့ဧရိယာမှာ ကူးစက်မှုမရှိအောင်တော့ အခုက တောင်အို လမ်းတလျှောက်လုံးကို ပိတ်လိုက်တယ်။ သွားလာမရဘူး ပိတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလမ်းတွေက ထိုင်းပြန်တွေ ခိုးပြန်တာတွေရှိတယ်။ အခုတော့ နယ်အချို့က ရွှေ့ပြောင်းလုပ်သားတွေ ဒီမှာအလုပ်လာလုပ်ကြတာတွေရှိတယ်။ အဲဒါကြောင့် ကားတွေ အသွားအလာကန့်သတ်ထားတယ်။ အဲဒီကျွန်တော်တို့က အဲဒီကန့်သတ်ချက်တွေ တိုးမြှင့်ထားတာကြောင့် အခုထိ မွန်ပြည်သစ်ရဲ့ဧရိယာထဲမှာ ကူးစက်မှုမရှိဘူး”

မွန်ပြည်သစ်ထိန်းချုပ်ဧရိယာထဲက ဝယ်ဇင်ကျေးရွာ၊ ဂနီကျေးရွာ၊ ဖလန်ချောင်းဝနဲ့ ပနန်ဗုံကျေးရွာတွေမှာ မွန်ပြည်သစ်ပါတီက ကိုဗစ်စစ်ဆေးရေးဂိတ်တွေ ဖွင့်ပြီး စစ်ဆေးနေတာပါ။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဧရိယာမှာရှိတဲ့ ဒေသခံတွေက တစ်နေရာကနေ တစ်နေရာသွားဖို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာရယူရပါတယ်။

ထောက်ခံစာက တစ်ရက်ပဲ အကျုံးဝင်ပြီး ထောက်ခံစာတစ်စောင်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးကို ငွေကျပ် ၅၀၀ ကျပ်ပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရသူမရှိပေမယ့် အသွားအလာတွေ ကန့်သတ်ထားလို့ ဒေသထွက်ကုန်တွေဖြစ်တဲ့ ကွမ်းသီးတွေ မြို့ကို တင်သွင်းဖို့တော့ အခက်အခဲကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။