ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီရုံးတွေ ဖွင့်နိုင်ဖို့ တင်ပြထား
2018.06.24

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီရုံးတွေ ဖွင့်လှစ်နိုင်ဖို့ မွန်ပြည်သစ်ပါတီက ပြည်ထောင်စုအဆင့်ပစ်ခတ် တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-Uနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တို့ထံ တင်ပြထားပါတယ်။
တပ်မတော်ဘက်က ကာကွယ်ရေးဦးစီးချုပ်ထံတင်ပြပြီး အကြောင်းပြန်မယ်လို့ ပြောထားကြောင်း မွန်ပြည်သစ် ပါတီရဲ့ ဗဟိုကော်မတီဝင်နိုင်အောင်မငေး က ပြောပါတယ်။
"ဒကစမှူး ဦးဆောင်တဲ့ အဖွဲ့တွေနဲ့ တွေ့ကြတယ်။ သူတို့လည်း ဆက်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ထံ ဆက်ပြီးတော့ တင်ပြမယ်လို့ ပြောပြီးတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်သွားတယ်။ ဒါပေမဲ့ ကျနော်တို့က ဒါ အဖြေကိုတော့ စောင့်နေဆဲဖြစ်ပါတယ်"
ပြည်နယ်အဆင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီတွေကို မွန်ပြည်နယ်မှာ အရင်ဆုံး ဖွင့်ဖို့ တပ်မတော်ဘက်က သဘောထားရှိနေပြီး မွန်ပြည်သစ်ပါတီဘက်က ၃ နေရာလုံးမှာ ဖွင့်လှစ်နိုင်ဖို့ တောင်းဆိုထားတယ်လို့ ပြောပါတယ်။
ကရင်ပြည်နယ်နဲ့ တနင်္သာရီမှာ မွန်တိုင်းရင်းသားတွေ အများအပြားရှိပြီး မွန်ပြည်သစ်ပါတီရဲ့ တပ်တွေလည်း ရှိတာကြောင့် ပစ်ခတ်တိုက်ခိုက်မှုမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကော်မတီတွေ ဖွဲ့သင့်တယ်လို့ မွန်ပြည်သစ်ပါတီဘက်က ယူဆတာကြောင့် ဖွင့်လှစ်ခွင့်တင်ပြထားတာဟာ တစ်လခွဲခန့်ကြာမြင့်နေပြီလို့ နိုင်အောင်မငေး က ပြောပါတယ်။
မွန်ပြည်သစ်ပါတီဟာ အခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူ စာချုပ် NCA ကို ပါဝင်လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။