သိမ်းဆည်းခံလယ်မြေတွေ ပြန် ရရှိရေး ဆောင်ရွက်ပေးဖို့ NLD ကတိပြု


2015.12.30
farmers-620.jpg တောင်သူတချို့ ကောက်စိုက်နေကြစဉ်
Photo: Min Thein Aung/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရသစ်ဖွဲ့စည်းပြီးရင် တစ်ပြည်လုံးမှာ သိမ်းဆည်းခံထားရတဲ့ ဧကသိန်းနဲ့ချီတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေ ပြန်လည်ရရှိအောင် လုပ်ပေးသွားမယ်လို့ NLD တောင်သူလယ်သမားရေးရာကော်မတီက ပြောပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာရှိတဲ့ NLD ပါတီတွေကနေတဆင့် သိမ်းဆည်းခံထားရတဲ့ လယ်မြေစာရင်းတွေကို ပါတီဗဟိုဆီ အစီရင်ခံတင်ပြဖို့ ညွှန်ကြားထားတယ်လို့ NLD တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဌ ဦးညီပု က ပြောပါတယ်။

"တောင်သူလယ်သမားတွေဟာ ဥပဒေမဲ့ ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အချက်တစ်ချက် ထည့်ထားတာရှိပါတယ်၊ ဒါကြောင့်မို့ တကယ်မှန်မှန်ကန်ကန် ပြန်ရနိုင်ဖို့ကို ဥပဒေအတိုင်းဖြစ်အောင် ကျနော်တို့ လုပ်ပေးရမှာပေါ့"

ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်ကနေစပြီး တစ်ပြည်လုံးအနှံ့မှာ တပ်မတော်၊ အစိုးရဌာနဆိုင်ရာတို့က သိမ်းဆည်းခဲ့တဲ့ လယ်မြေဧကပေါင်းဟာ ၃ သိန်းကျော် ရှိခဲ့ပါတယ်။

အဲဒီထဲက မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ကြေငြာချက်အရ တပ်မတော်၊ အစိုးရဌာနဆိုင်ရာတို့က သိမ်းဆည်းခဲ့တဲ့ လယ်မြေတွေထဲက ဧက တစ်သိန်းလေးသောင်းကျော်ကို တောင်သူလက်ထဲ ပြန်လည် အပ်နှံပေးခဲ့ပြီး တစ်သိန်းခြောက်သောင်းကျော် ပြန်လည်ပေးအပ်ဖို့ ကျန်နေသေးတယ်လို့ ပြီး ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် လယ်မြေအများစုဟာ ခုချိန်ထိ မူလတောင်သူတွေဆီကို ပြန်လည်မရောက်သေးတာတွေ ရှိနေဆဲဖြစ်ကြောင်း NLD ပါတီက ပြောပါတယ်။ အများစုဟာ တပ်မတော်က သိမ်းဆည်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် တပ်မတော်အစိုးရလက် ထက်ကနေစပြီး သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဦးညီပုကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။