NLD ပါတီ ဆက်လက်တည်ရှိနေဆဲ ဖြစ်ကြောင်း စစ်ကောင်စီပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ရှိနေဆဲပဲလို့ စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇန်နဝါရီ ၃ ရက် ဒီနေ့ ပြောပါတယ်။
လွှတ်တော်အမတ်တွေ အပါအဝင် NLD ပါတီဝင်အားလုံးရဲ့ လေးပုံတစ်ပုံသာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့နဲ့ ဆက်သွယ်လုပ်ဆောင်နေပြီး ကျန်တဲ့ သုံးပုံဟာ ဒီမိုကရေစီအတွက် ညှိနှိုင်းဆွေးနွေး အဖြေရှာရမယ့် ဖြစ်စဉ်တစ်ခုလို့ ခံယူထားဆဲပဲလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
“ဒါကြောင့်မလို့လည်း ကျနော်တို့အနေနဲ့ ပါတီနဲ့ပတ်သက်ပြီး မီဒီယာအများစုကလည်း မေးပါတယ် ဖျက်သိမ်းမှာလား မဖျက်သိမ်းဘူးလားဆိုတာ အများစုလည်း ဒီလိုပဲ ဖြစ်နေတဲ့အတွက် ပါတီသည် ဆက်လက်တည်ရှိနေဆဲဖြစ်တယ်လို့ပဲ ကျနော် ပြောချင်ပါတယ် ”
လာမယ့် ၂၀၂၃ ခုနှစ်မှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးပြီး ရွေးကောက်ပွဲပြန်လုပ်ဖို့ စစ်ကောင်စီ ဘက်က ကြိုးစားနေတဲ့အပေါ် ပြည်သူအများစု ရွေးချယ်ထားတဲ့ပါတီ ပြန်လည်ပါဝင်နိုင် မလားဆိုတဲ့ RFA ရဲ့မေးခွန်းအပေါ် ပြန်လည်ဖြေဆိုထားတာပါ။
NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကတော့ ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ပြည်သူရွေးချယ်ထားတဲ့ လွှတ်တော်အမတ်တွေနဲ့ ပါတီဝင်တွေကို ဖမ်းဆီးထောင်ချထား ပြီးမှလုပ်မယ့် ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်လာစရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ PR စနစ်ဟာ ညီညွတ်မှုမရှိဘူးလို့ လွှတ်တော်က ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့် သုံးပြီး ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ စီစဉ်နေပါတယ်။
NLD ပါတီ ဆက်ရှိနေဆဲပဲလို့ ဆိုပေမယ့် စစ်တပ်အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒု-ဥက္ကဋ္ဌ တွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဒေါက်တာ ဇော်မြင့်မောင်တို့ အပါအဝင် ၄၈၉ ယောက်က ဖမ်းဆီးခံထားရပါတယ်။
နိုင်ငံတစ်ဝှမ်းက NLD ရုံးတွေ တိုက်ခိုက်၊ ဖျက်ဆီးခံခဲ့ရတာလည်း ၈၆ ကြိမ် အထိ ရှိခဲ့ပြီး ပါတီဝင်နဲ့ ပါတီထောက်ခံသူ ၇၇ ယောက်ရဲ့ နေအိမ်တွေဟာလည်း ဒီကာလအတွင်းမှာ ချိတ်ပိတ် ခံခဲ့ရတယ်လို့ NLD ပါတီက ဖော်ပြထားပါတယ်။