သမ္မတနဲ့ ဝန်ကြီးတွေ ပါတီနဲ့ ကင်းရှင်းကြောင်း လွှတ်တော်မှာ ရှင်းလင်း
2013.10.03

နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ပါတီနိုင်ငံရေးလုပ်ငန်းတွေမှာ ဝင်ရောက်ဆောင်ရွက်မှုမရှိဘူးလို့ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတ နဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ပြဌာန်းချက်တွေ အတိုင်း ပါတီတာဝန်တွေကို တရားဝင်ဆောင်ရွက်ခြင်း ရှိ၊ မရှိ မေးမြန်းရာမှာ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က အခုလို ရှင်းလင်းတင်ပြခဲ့တာပါ။
"ပြည်ထောင်စုဝန်ကြီးများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သက်ဆိုင်ရာပုဒ်မများနဲ့အညီ လိုက်နာဆောင်ရွက်လျက်ရှိပါသဖြင့် တရားဝင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖြေကြားအပ်ပါသည်၊ ပါတီလုပ်ငန်းဆောင်ရွက်ခြင်းမရှိကြောင်း တင်ပြအပ်ပါသည်"
ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သမ္မတရုံးဝန်ကြီးရဲ့ ဖြေကြားချက်ဟာ တိကျတဲ့အဖြေမဟုတ်ဘူးလို့ ဒီနေ့ မေးမြန်းခဲ့တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။
"ပါတီတစ်ခုရဲ့ ဥက္ကဌတို့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ဆိုတာ ဒါပါတီရဲ့အကြီးအကဲပဲ၊ ပါဝင်ဆောင်ရွက်နေတာပဲ၊ ဒါကြောင့်မို့လို့ အဓိပ္ဗာယ်ရှင်းရှင်းလင်းလင်းဖြစ်အောင်မေးတာ၊ အဲဒီအပေါ်မှာ အန်ကယ်တို့က ရှင်းရှင်းလင်းလင်းတိတိကျကျ လိုချင်တယ်လေ၊ ပါရင်လည်း ဥပဒေနဲ့အညီပါတယ်၊ မပါရင်လည်း ဥပဒေနဲ့မညီလို့ မပါဘူး၊ ဒါတွေနဲ့ပတ်သက်လို့ ဆောင်ရွက်ခြင်းမရှိပါဘူးပဲဖြေတယ်၊ ပါဝင်နေသလား၊ မပါဝင်ဘူးလား ရှင်းရှင်းလင်းလင်းကို မပြောဘူး"
နောင်လာမယ့် အစိုးရတာဝန်ရှိသူတွေကြားမှာ အစိုးရတာဝန်နဲ့ ပါတီတာဝန် အငြင်းပွားစရာ မဖြစ်စေချင်တာကြောင့် ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တာလို့ ဦးဝင်းမြင့်က ပြောပါတယ်။