NLD ခေါင်းဆောင်တွေ တာဝန်ပြောင်း
2018.03.30

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ခေါင်းဆောင်ပိုင်းကို ဒုဥက္ကဋ္ဌ ၁ အဖြစ် နိုင်ငံတော် သမ္မတ ဦးဝင်းမြင်နဲ့ ဒုဥက္ကဋ္ဌ ၂ အဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ကို တာဝန်ပေးအပ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ NLD ပါတီ ဗဟိုအလုပ်အမူဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြောင်းလဲတာဝန်ပေးအပ်လိုက်တာလို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
"သတ်မှတ်လိုက်တာပေါ့၊ ဒုဥက္ကဋ္ဌ ၁ အဖြစ် နိုင်ငံတော်သမ္မတကြီးဖြစ်သွားတဲ့ ဦးဝင်းမြင့်ကို လျာထား သတ်မှတ်ပါတယ်။ နောက်ဒုဥက္ကဋ္ဌ ၂ အဖြစ် အခုမန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို သတ်မှတ်ပါတယ်။ သဘာပတိအဖွဲ့စာရင်းတော့ ထွက်သွားပြီလို့ သိရပါတယ်။ ဒီဟာက နဂိုကတော့ အသေးစိတ်ပြန်ညှိနေတုန်းပါ။ အခုတော့ ညှိနှိုင်းမှုပြီးသွားလို့ ထုတ်ပြန်လိုက်တာပါ"
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဥက္ကဋ္ဌ ရာထူးကိုတော့ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားတာဖြစ်ပါတယ်။
ဒါ့အပြင် NLD ပါတီရဲ့ သဘာပတိ အဖွဲ့ဝင်တွေအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးအုံးကြိုင်၊ ဦးကျော်ခင်နဲ့ ဦးမန်းဂျော်နီတို့ လေးဦးကို တာဝန်ပေးအပ်လိုက်ပါတယ်။
အခုလို တာဝန်အပြောင်းအလဲတွေကြောင့် NLD ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တွေထဲမှာ ဦးဉာဏ်ဝင်းနဲ့ ဦးဟန်သာမြင့်တို့ နှစ်ဦးသာ ကျန်ရှိတော့မှာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် ပါတီညီလာခံကို လာမယ့် ဇွန်လ သို့မဟုတ် ဇူလိုင်လမှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီညီလာခံမှာ ဗဟိုကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ တိုးချဲ့ဖွဲ့စည်းတာတွေ ရှိနိုင်တယ်လို့ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။