ပြည်သူလူထုထောက်ခံမှု ရရှိအောင် ကြိုးစားကြဖို့ သူရဦးတင်ဦး တိုက်တွန်း


2016.11.12
thura-tinoo-620 ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ပါတီနာယက သူရဦးတင်ဦး ကို နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တွေအနေနဲ့ ပါတီအပေါ်သစ္စာရှိပြီး လာမယ့် ရွေးကောက်ပွဲတွေ မှာ ပြည်သူလူထုထောက်ခံမှုရရှိအောင် ကြိုးစားကြဖို့ ပါတီနာယက သူရဦးတင်ဦးက တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုကော်မတီ  အစည်းအဝေးမှာ သူရဦးတင်ဦးက ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ ပါတီဗဟိုကော်မတီအဖွဲ့ဝင်များအနေနဲ့ မိမိတို့ပါတီအပေါ်မှာ တကယ်သစ္စာထားပြီး ပါတီရဲ့မူဘောင်အတွင်း ပါတီဥက္ကဌကြီးနှင့်အတူ ပါတီခေါင်းဆောင်များရဲ့လမ်းညွှန်မှုကို လက်ခံယူမှသာ ပြည်သူလူထုတစ်ရပ်လုံးက အဖွဲ့ချုပ်အပေါ်မှာ ယုံကြည်လေးစားမှုရှိပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို အမှန်ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်၊ လာမယ့်ရွေးကောက်ပွဲမှာလည်း ပြည်သူလူထုထောက်ခံမှုကို ဆက်လက် ရယူနိုင်မည်ဖြစ်ကြောင်း အလေးအနက်ပြောကြားရင်း နိဂုံးချုပ်ပါတယ်"

ဒီတစ်ကြိမ်ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ဗဟိုကော်မတီ အစည်းအဝေး ဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကျင်းပခဲ့တဲ့ ပါတီညီလာခံတွေကနေ ရရှိထားတဲ့ ပြည်သူလူထုအခက်အခဲတွေကို ဒီအစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်သလို ပါတီတွင်း လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးကြ မှာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကို ပါတီအတွင်းရေးမှူးအဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်သ့ူလွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင်၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ်တွေက ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော် ဥက္ကဌတွေ၊ အရန်ဗဟိုအလုပ်အဆာင် အဖွဲ့ဝင်တွေ အပါအဝင် လူ ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။