စစ်အာဏာသိမ်းအပြီး ၉ လအကြာ ပြည်သူတွေ ဆင်းရဲတွင်းနက်နေ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2021.11.01

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ကိုးလတိတိရှိသွားပါပြီ။

ဒီကိုးလအတွင်းမှာ နိုင်ငံရဲ့စီးပွါးရေး ချွတ်ခြုံကျနေပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ လုံခြုံရေး စိုးရိမ်ပူပန်နေရတာကြောင့် ပြည်သူအများစုဟာ ဆင်းရဲတွင်း နက်သထက် နက်လာနေတယ်လို့ ပြောကြပါတယ်။

တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေဆိုရင် နေ့စဉ် စားဝတ်နေရေးအတွက် အခက်အခဲအများအပြားနဲ့ ကြုံနေရပါတယ်။

RFA က စကားပြောခဲ့တဲ့ မြို့ပြနေ ဈေးသည်၊ ကွမ်းယာသည်၊ ဆိုက္ကားသမား၊ ကျပမ်းအလုပ်သမား စတဲ့ လက်လုပ်လက်စား အခြေခံ ပြည်သူအများစုကတော့ အရင်အာဏာမသိမ်းခင်ကထက် စာရင် အခုကာလမှာ ဝင်ငွေတစ်ဝက်လျှော့ကြသွားတယ်လို့ ဆိုကြပါတယ်။

(ဒီသတင်းထဲမှာ ရင်ဖွင့် ပြောထားသူတွေကတော့ လုံခြုံရေးအခြေအနေနဲ့ စစ်တပ်သတင်းပေးတွေကို ကြောက်နေရတာကြောင့် သူတို့ရဲ့ နာမည်ရင်းနဲ့ မျက်နှာတွေကို မဖော်ပြဖို့ RFA ကိုတောင်းဆိုထားပါတယ်။)

ရန်ကုန်မြို့က ကွမ်းယာသည်ကိုဇော်(အမည်လွှဲ) ကတော့ အရင်က တစ်ရက်ကို ငွေတစ်သောင်းလောက် ရှာနိုင်ပေမယ့် အခု ငါးထောင်ရဖို့တောင် မနည်းရှာနေရတယ်လို့ RFA ကိုပြောပါတယ်။

"အရင်က တစ်သောင်းရှာနိုင်ရင်၊ အခု လူတစ်ယောက်ကို ငါးထောင်လောက်ပဲရှာနိုင်တော့တယ်၊ အရင်တုန်းက ကျနော် တစ်ယာက်တည်းအလုပ်လုပ်လို့ရတယ်၊ မိန်းမကို အိမ်မှာ အိမ်အလုပ်ပဲလုပ် လုပ်ခိုင်တယ်၊ အခုအဲ့လိုမရတော့ဘူး၊ တစ်သောင်းရဖို့ဆိုရင် အရင်က တစ်နေ့ရှစ်နာရီ အလုပ်လုပ်ရင် အခု တစ်နေ့ကို ၁၂ နာရီလုပ်မှရမယ်၊ ဝင်ငွေတော့ အရင်ကတစ်သောင်းကနေ အခုငါးထောင် ခေါက်ချိုးကိုကျသွားတယ် "

ကိုဇော်လိုပဲ ဆိုက္ကားဆရာ ကိုအောင်သူ(အမည်လွှဲ) တစ်ယောက်လည်း အရင်က တစ်နေ့တစ်သောင်းကျော်လောက် ဝင်ငွေရှာနိုင်ခဲ့ပေမယ့် အခုတော့ ဝင်ငွေနည်းသွား ထက်ဝက်ကို နည်းသွားတယ်လို့ဆိုပါတယ်။

လမ်းပေါ်မှာ နေ့စဉ်ဆိုသလို စစ်သားတွေက ရှိနေတာကြောင့် ကြောက်လန့်ပြီး သူတို့နဲ့ မတွေ့အောင် ရှောင်တိမ်းဆိုက္ကားနင်းနေရလို့ ဝင်ငွေသိပ်မရတော့တာလို့ ဆိုပါတယ်။

"စစ်ကောင်စီနဲ့ တွေ့ရင် လုံးဝ မလုံခြုံဘူး၊ အန္တရာယ်များတယ်၊ များသောအားဖြင့် ရှောင်ပြီးနင်းတယ်၊ ကိုယ့်အသက်အတွက် သူတို့ကို စိတ်မချဘူး၊ ကိုယ်တွေကို ကာကွယ်ပေးမယ်လို့ အမည်ခံထားရုံပဲ ကိုယ့်ကိုယ် ကာကွယ်မပေးနိုင်ဘူး၊ သူတို့က အန္တရာယ်အများဆုံးပဲ၊ အဲ့ဒီအတွက် ဝေးဝေးကရှောင်တယ်၊ ကားဖြတ်လာရင်တောင် ဝေးဝေးကရှောင်တယ်"

ဆိုက္ကားနင်းနေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တားပြီး လက်ကိုင်ဖုန်းယူစစ်တာတွေလည်း ကြုံဖူးခဲ့တယ်လို့ ကိုအောင်သူက ပြောပါတယ်။

246211253_1965586456949973_1746220464711813983_n.jpg

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေနဲ့ ရွှေဈေးတွေ အဆမတန်တက်နေသလို နေ့စဉ်လူမှုဘဝမှာ ချက်ပြုတ်စားသောက်နေရတဲ့ ဆန်၊ဆီ၊ ငြုပ်၊ ကြက်သွန်တို့လို့ အခြေခံစားသောက်ကုန်တွေလည်း နှစ်ဆထိ ဈေးတက်နေတယ်လို့ အိမ်ရှင်မတွေနဲ့ ဈေးရောင်းသူတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်ထက် ၁၈ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

ဆင်းရဲသားဦးရေဟာ ၂၀၁၉မှာ ရှိတာထက် ၂၀၂၂ ခုနှစ်မှာ နှစ်ဆတိုးလာမယ်လို့ ဒီနှစ်ဇူလိုင်လထဲမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာနေထိုင်တဲ့ အိမ်ရှင်မ တစ်ဦးဖြစ်သူ ဒေါ်ခင်လေး(အမည်လွှဲ) ကတော့ အာဏာမသိမ်းခင်ကပန်းရံဆရာ ယောကျာ်းဖြစ်သူရဲ့ ဝင်ငွေနဲ့ အလုပ်မလုပ်ဘဲ ထိုင်စားလို့ရခဲ့ပေမယ့် အခုတော့ သူကိုယ်တိုင် အဝတ်လျှော် မီးပူတိုက် အလုပ်တွေ လိုက်လုပ်နေရတယ်လို့ ဆိုပါတယ်။

အရင်က ပန်းရံဆရာ သူ့ယောကျာ်းရဲ့ ဝင်ငွေဟာ တစ်လ လေးသိန်းကျော်လောက်ရခဲ့ပေမယ့် အခုတော့ အလုပ်မရတာကြောင့် ရပ်နားနေရပါတယ်။

ဒေါ်ခင်လေး အခုလုပ်နေတဲ့ အဝတ်လျှော် မီးပူတိုက် အလုပ်ကတော့ တစ်လကို ငွေ တစ်သိန်းလောက်ပဲရတယ်လို့ ဆိုပါတယ်။

"အာဏာမသိမ်းခင်က အဆင်ပြေတယ်၊ အိမ်မိသားစုအတွက်လည်း အဆင်ပြေတယ်၊ အခုအာဏာသိမ်းပြီးတော့ အလုပ်အကိုင်တွေလည်းပျက်၊ ဘာမှလုပ်လို့မရတော့ ဘယ်လိုမှ အဆင်မပြေဘူး၊ ကိုယ့်ဟာကိုယ်အိမ်မှာ ထိုင်နေရင်း ငါတော့ ငတ်များငတ်မလားဆိုပြီး တွေးတွေးနေမိတယ်၊ သူများတွေလို မချမ်းသာဘူးလေ၊ လက်လုပ်လက်စားသမားတွေက အလုပ်ပျက်သွားတော့ ဒုက္ခတော်တော်ရောက်သွားတာပေါ့"

252180651_1739834836215388_5999607210414711782_n.jpg

ဒေါ်ခင်လေးတို့လို အိမ်ရှင်မတွေ ဈေးမသွားနိုင်တာကြောင့် ဈေးရောင်းတဲ့သူတွေအတွက်လည်း အခက်အခဲတွေရှိနေပြန်ပါတယ်။

ကုန်စိမ်းရောင်းတဲ့ ဒေါ်အေးမာ (အမည်လွှဲ) တစ်ယောက်ကတော့ စစ်အာဏာသိမ်းပြီးနောက် ဈေးရောင်းနေရတာ မရှုံးရုံတမယ်ပဲမို့ စိတ်ညစ်နေပါတယ်။

"အရင်းအနှီးလည်း ထည့်မနိုင်ဘူး၊ အစစအရာရာ တက်သွားတာ၊ အရင်တုန်းက အရင်းထက် နှစ်ဆမက ရင်းရတယ်၊ အရင်တုန်းက တစ်ရာဝယ်ရတဲ့ဟာကို နှစ်ရာဝယ်ရတယ်၊ တစ်ထောင်ဝယ်ခဲ့ရတာကို နှစ်ထောင်ပေးရတယ်၊ တက်တော့လည်း မှေးရောင်းနေရတယ်၊ အရောင်းအဝယ်ပါးကုန်တာပေါ့၊ မြန်မြန်ပြန်ပြီး တည်ငြိမ်အေးချမ်းစေချင်တယ်၊ ဝယ်စားတဲ့သူလည်း ဝယ်စားနိုင်အောင်၊ ကိုယ်ရောင်းတဲ့သူတွေလည်း အဆင်ပြေအောင်ပေါ့၊ အခုတော့ အားလုံး စိတ်တွေရှုပ်နေရတယ်"

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကတော့ မြန်မာနိုင်ငံက လူပေါင်း သန်း ၂၀ ဟာနိုင်ငံတကာ စံနှုန်းနဲ့ သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှု အဆင့်အောက် ရောက်နေတယ်လိုပြောပါတယ်။

ဒါဟာ အရင် နှစ်နှစ်ဆယ်လောက်အတွင်းမှာ မမြင်ခဲ့ဖူး၊ မကြံဲုဖူးတဲ့ ဆင်းရဲမွဲတေမှုနှုန်းလို့လည်း ဆိုပါတယ်။

အခု အာဏာသိမ်းချိန်ကြာလာတာနဲ့အမျှ လက်လုပ်လက်စား အခြေခံ လူတန်းစားတွေအတွက်တော့ ဝမ်းရေးနပ်မှန်ဖို့အရေး အတော်ရှုန်းကန်နေရတာပါ။

RFA က စကားပြောခဲ့တဲ့ အခြေခံပြည်သူတွေအနေနဲ့ ဆင်းရဲမွဲတေမှု၊ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်ကင်းမဲ့မှုတွေ အမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်အုပ်ချုပ်ရေးအောက်က လွတ်မြောက်လိုကြပြီး ပြည်သူလူထု ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲပေးဖို့ လိုလားပြောဆိုနေကြပါတယ်။

ရိုက်ကူး - ဖြိုးရသ (CJ)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။