မန္တလေးမှာ အဖမ်းခံထားရတဲ့ ကျောက်ပွဲစား ၃၀၀ နီးပါး မိသားစုနဲ့ အဆက်အသွယ်မရ

2022.07.16
မန္တလေးမှာ အဖမ်းခံထားရတဲ့ ကျောက်ပွဲစား ၃၀၀ နီးပါး မိသားစုနဲ့ အဆက်အသွယ်မရ မန္တလေး ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းအား တွေ့ရစဉ်
Photo: CJ

မန္တလေးမြို့၊ မဟာအောင်မြေမြို့က ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း အပါအဝင် ကုမ္ပဏီပိုင် နေရာတွေမှာ တရုတ်လူမှုကွန်ရက် (We Chat) နဲ့ လိုင်စင်မရှိဘဲ ကျောက် အရောင်းအဝယ်လုပ်လို့ အဖမ်းခံထားရတဲ့ အယောက် ၃၀၀ နီးပါးနဲ့ အဆက်အသွယ်မရတာ ခုနစ်လနီးပါးရှိပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။

သူတို့ကို လိုင်စင်မရှိဘဲ ရောင်းချလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့အချိန်အထိ အဆက်သွယ်မရဖြစ်နေတာလို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဖမ်းခံထားရသူတစ်ဦးရဲ့ ဇနီးဖြစ်သူက အဆက်သွယ် မရတာကြောင့် စိတ်ပူနေတယ်လို့ RFA ကို ပြောပါတယ်။

“လိုင်စင်မရှိဘဲ ရောင်းတယ်ဆိုပြီး ဖမ်းတာပေါ့။ သူနဲ့အတူပါသွားတဲ့ ကျောက်တွေ ဖုန်း တွေလည်း သိမ်းတယ်။ လူကလည်း တွေ့ခွင့်မရဘူး။ အမှုကလည်း စစ်လိုက်၊ မစစ်လိုက် နဲ့။ အိမ်ထောင်ဦးစီးဖြစ်သူ ဖမ်းခံထားရတော့ အကုန်လုံးလည်း ဒုက္ခရောက်တာပေါ့။ အမိန့်ချမယ်ဆိုရင်လည်း ချသင့်ပါပြီ။ ဒဏ်ငွေဆောင်ရမယ်ဆိုရင်လည်း မရှိရှိတာရောင်း ပြီး ဆောင်ကြမှာပါ။ ဒါကို အမိန့်လည်း မချနိုင်သလို စစ်လည်းမစစ်နိုင်ဘူး”

စဖမ်းချိန်က လူအယောက် ၅၀၀ နီးပါးဖြစ်ပေမယ့် ၂၀၀ ခန့်ကိုတော့ လက်ထဲမှာ ကျောက် တွေ မတွေ့တာကြောင့် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူအားလုံးကို လက်ရှိ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ် လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

အဖမ်းခံထားသူအားလုံးကို လိုင်စင်မရှိဘဲ ကျောက်အရောင်းအဝယ်လုပ်တာကြောင့်ဆိုပြီး စစ်ကောင်စီဘက်က မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၅၂ (ခ)၊ ပုဒ်မ ၅၄ တွေနဲ့ အမှုဖွင့်ထားလို့ မိသားစုဝင်တွေက ပြောပါတယ်။

လက်ရှိအမှုဖွင့်ခံထားရတဲ့ ကျောက်မျက်ဥပဒေပုဒ်မတွေအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် တစ်နှစ်နဲ့ ငွေဒဏ်တွေပါ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။