အစိုးရနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့ NCCT ဆုံးဖြတ်


2014.04.29
ncct-305 ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီလ ၂၈ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေးကျင်းပစဉ်
photo: Aung Moe Myint/RFA

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့  NCCT ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကနေ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးနိုင်ရေး အတွက် လာမယ့့်် မေလတတိယအပတ်မှာ အစိုးရနဲ့ ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားဖို့ ဒီကနေ့ ဆုံးဖြတ် ခဲ့တယ်လို့ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က ပြောပါတယ်။

"ဒီနေ့ ချမှတ်လိုက်တာကတော့ UPWC အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့လေ ဆုံးဖြတ်ချက် ချလိုက်ပါတယ်၊ လာမယ့် မေလ တတိယပတ် အကုန် စတုတ္တပတ်အကူးလောက် မှာပေါ့လေ ဒီကြားထဲမှာ တွေ့ဆုံနိုင်ဖို့ ဆုံးဖြတ်ချက်ချပါတယ် ၊ တွေ့ဆုံဖို့ဆိုတဲ့နေရာမှာလည်း NCCT နဲ့ UPWC ဆိုတဲ့ ကိုယ်စားလှယ်ပဲသွားမှာ မဟုတ်ပါဘူး၊ နှစ်ဖက်ညှိနှိုင်းထားတဲ့  Single Text ဖြစ်ဖို့ အဲဒီကော်မတီစုအနေနဲ့ပဲ သွားပြီးတွေ့ဆုံကြဖို့ စီစဉ်ထား ပါတယ်"

နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲမှာ စစ်ရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေ ကို ပြင်ဆင်ရေးဆွဲဖို့ ဆွေးနွေးခဲ့သလို၊ အစိုးရနဲ့ တွေ့ဆုံရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့  NCCT ဒုတိယအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၈ ဦးကို ရွေးချယ်ခဲ့ တယ်လို့လည်း သိရပါတယ်။

တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ခိုင်မာဖိုနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အတွက် နှစ်ဖက်အမြင်မတူတွေကို အစိုးရနဲ့ ဆက်လက်ညှိနှိုင်းသွားရမှာဖြစ်တယ်လို့  NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

"ပထမအချက်က တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လှုပ်ရှားမှုထဲကို ကျနော်တို့ဝင်လာတယ်၊ တချိန်တုန်းက အစိုးရနဲ့ တိုင်းရင်းသားတစ်ဖွဲ့ချင်းက အပစ်အခတ်ရပ်စဲရေးလုပ်တယ်၊ အခုတော့ တိုင်းရင်းသားတွေ အကုန်လုံးစုပြီးတော့ အစိုးရဖက်မှာလည်း အစိုးရရော တပ်မတော်ရော လွှတ်တော်ရောပါတယ်ဆိုတာ တိုးတက်မှုတစ်ရပ်ပဲလို့ ကျနော်မြင်တယ်၊ ဒါပေမဲ့ သဘောထားအမြင်ချင်းကတော့ တူညီမှုမရှိသေးဘူး၊ ဒီငြိမ်းချမ်းရေး တည်ဆောက်မှု ဆန္ဒကလည်း အမြင်ချင်းတူတယ်လို့တော့မြင်တယ်၊ ဒါပေမဲ့ ဘယ်လိုတည်ဆောက်မလဲဆိုတဲ့အပေါ်မှာ ကိုယ့်ရဲ့သမိုင်းကြောင်း အနေအထား၊ ကိုယ့်ရဲ့ယုံကြည်မှု အနေအထားတွေနဲ့ ညှိရမယ်လေ၊ ဒါတော့ရှိတာပေါ့"

ဒီအတောအတွင်း ကချင်ပြည်နယ်တွင်း လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ နှစ် ဖက်တွေ့ဆုံဆွေးနွေး အမြင်သဘောထားဖလှယ်ဖို့၊ နှစ်ဖက်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ဖို့ ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ထံ ဒီကနေ့ ဧပြီလ ၂၉  ရက်နေ့ရက်စွဲနဲ့ စာရေးအကြောင်းကြားလိုက်တယ်လို့  KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချူပ် ဂွမ်မော် က ပြောပါတယ်။

"ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ သိပ်များလာတဲ့အခါကျတော့ ဒီတိုက်ပွဲတွေကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ တင်းမာမှုတွေဖြစ် လာနိုင်တယ်၊ ပြီးတော့ ကျနော်တို့ရဲ့ပါဝင်မှုတွေကိုလည်း ပြန်စဉ်းစားဖို့လိုအပ်ပါတယ် ၊ ဒီလိုမျိုး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အရှိန်အဟုန်မပျက်အောင် ကျနော်တို့က ဆွေးနွေး ပွဲတွေ လုပ်ချင်တဲ့သဘောဖြစ်ပါတယ်၊ အဲဒါကြောင့် အစိုးရကို ကျနော် ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်"

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) အဖွဲ့ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့မှာ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး အခု ထပ်မံတွေ့ဆုံဆွေးနွေးဖို့အတွက် လာမယ့်မေလ ၁၀ ရက်နေ့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်ဖို့ အဆိုပြုထားတယ်လို့လည်း သိရပါတယ်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညိနှိုင်းဆောင်ရွက်မှုအဖွဲ့  NCCT ခေါင်းဆောင် ဦးနိုင်ဟံသာ ကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။