ပင်လုံညီလာခံမှာ တိုင်းရင်းသားနဲ့အစိုးရ စာချုပ်ချုပ်ဖို့ ဆွေးနွေးမည်

ခင်မောင်စိုး
2020.07.24

ရှေ့လကျင်းပမယ့် ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ လက်မှတ်ထိုးမယ့် ပြည်ထောင်စုသဘောတူညီချက် အမှတ် ၃ စာချုပ်မှာ ပါဝင်မယ့်အချက်တွေနဲ့ ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ၁ဝ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေ ရန်ကုန်မြို့မှာ ဒီကနေ့ စတင်ပြီး ၃ ရက်ကြာဆွေးနွေးကြပါလိမ့်မယ်။

အခုလာမယ့် စတုတ္ထပင်လုံငြိမ်းချမ်းရေးညီလာခံဟာ လက်ရှိအစိုးရသက်တမ်းအတွင်း  နောက်ဆုံးကျင်းပမယ့်ညီလာခံဖြစ်ပြီး အဲဒီအခမ်းအနားမှာ လက်မှတ်ထိုးမယ့် ပြည်ထောင်စုသဘောတူညီချက်စာချုပ် အပိုင်း ၃ မှာ NCA အပစ်ရပ်စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်တွေ နဲ့ ၂ဝ၂ဝ ခုနှစ်အလွန်မှာ ဆက်လက်ဆောင်ရွက်ရမယ့် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

အစိုးရကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ တွေ့ဆုံမယ့် အပစ်ရပ် ၁ဝ ဖွဲ့က ကိုယ်စားလှယ်တွေဟာ သူတို့အချင်းချင်း ပြီးခဲ့တဲ့ ၂ ရက်ဆက်တိုက် ကြိုတင်ညှိနှိုင်းခဲ့ကြပြီးဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲတွေမှာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့နှစ် NCA ၄ နှစ်ပြည့်မှာ ပြောကြားခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အခြေခံမူတွေကို အခုချုပ်မယ့်စာချုပ်မှာ ထည့်သွင်းရေးအတွက်လည်း  ဆွေးနွေးခဲ့ကြတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ခွန်မြင့်ထွန်းက RFA ကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့မူတွေကတော့ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ ပုံသဏ္ဍာန်ပေါ်စေမဲ့  မူတွေပေါ့နော်။ ဖက်ဒရယ်စနစ်နဲ့အညီ အာဏာခွဲဝေမှု ရှိရမယ်၊ သယံဇာတ နဲ့ အကောက်ခွန်  ခွဲဝေမှုရှိရမယ်၊ ပြည်နယ်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်ရှိရမယ်။ ပြည်သူလူထုရဲ့ ဆန္ဒကို အခြေခံရမယ်”

သူတို့တိုင်းရင်းသားတွေအကြားမှာ စိုးရိမ်ပူပန်မှုတွေရှိနေတဲ့အတွက် ခိုင်မာတဲ့ စာချုပ်စာတမ်းတွေ ကတိကဝတ်တွေ လိုအပ်ပါတယ်လို့လည်း ခွန်မြင့်ထွန်း ကပြောပါတယ်။

“ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောထားတာရှိတယ်လေ။ ၂ဝ၂ဝ မှာ  ငြိမ်းချမ်းရေးကို လူထုလက်အပ်မယ်ဆိုတာ။ အဲဒီစကားကို  ကျနော်တို့အတွင်းမှာ စိုးရိမ်ချက်တွေအများကြီးဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ၂ဝ၂ဝ  အလွန်မှာလည်း နိုင်ငံရေးဆွေးမှုတွေနဲ့ပဲ  ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်ပြီးဖြတ်သန်းဖို့အတွက် အာမခံချက်တွေ ရှိဖို့လိုတယ်။ အဲဒီတော့ အခု ကျနော်တို့ အရင်ကနဲ့ မတူတာကတော့ မူတွေချမှတ်ရုံ မဟုတ်တော့ဘဲ အဲဒါတွေ အကောင်အထည်ဖော်မဲ့ လုပ်ငန်းစဉ်တွေ နိုင်ငံရေးဆိုင်ရာ အာမခံချက်တွေ ရယူနိုင်ဖို့အတွက် ဒီစာချုပ်က  တော်တော်ကို အရေးပါတယ်”

အဲဒီစာချုပ်မှာ ပါဝင်မယ့် အချက်တွေဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအချက်တွေဖြစ်လို့ လက်ရှိ အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိကမှတ်တိုင် တခု ဖြစ်လာပါလိမ့်မယ်။

အခုလို လက်ရှိအစိုးရ၊ လက်ရှိတပ်မတော်နဲ့  တိုင်းရင်းသားလက်နက်ကိုင်တွေ စားပွဲဝိုင်းမှာ အဖြေရှာရေးအတွက် ကူညီပေးနေတဲ့ အဖွဲ့တခုကတော့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမှု ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့  ဦးကိုကိုကြီး လည်းပါဝင်ပါတယ်။

“တဖက်က နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ဖို့အတွက် နောက်ကွယ်မှာ တဒိုင်းဒိုင်းပစ်နေတယ်ဆိုရင်လည်း  နောက်ကြောင်းမအေးတဲ့အတွက် စိတ်ချလက်ချ မဆွေးနွေးနိုင်ဘူး။ ဒါကြောင့် ကျနော်တို့က ဒီဘက်က အပစ်အခတ်ရပ်စဲရေးကို ထိန်းထားပေးတယ်။ ဟိုဘက်က နိုင်ငံရေးဆွေးနွေးမှုတွေကို စိတ်ဖြောင့်ဖြောင့်နဲ့လုပ်၊ သို့သော် အပြန်အလှန်အားဖြင့်ကလည်း နိုင်ငံရေးဆွေးနွေးပွဲတွေက ထင်ရှားတဲ့ ထိရောက်တဲ့ နိုင်ငံရေးသဘောတူညီချက်တွေ မရဘဲနဲ့ ကာလအကန့်အသတ်မရှိ အကြာကြီးကြာနေမယ်ဆိုရင် ဒီဘက်က JMC ကလည်း ထိန်းထားရတာ အင်မတန်ခက်တာပေါ့။ တကယ်က JMC သာမရှိရင် နှစ်ဖက်ပဋိပက္ခဖြစ်တဲ့အခါ  အရပ်သားထိခိုက်မှုတွေရှိတဲ့အခါမှာ ကြားဝင်ဆောင်ရွက်ပေးနိုင်မဲ့ အဖွဲ့အစည်းမရှိဘူး။ အခု ရှိနေတဲ့အတွက်ကြောင့် တခုခုဖြစ်တယ်ဆိုတာနဲ့ ချက်ချင်း ဒီ JMC ယန္တရားစနစ်ကနေ ညှိနှိုင်းတာတွေလုပ်လို့ရတယ်။ အခုဆိုရင် ပဋိပက္ခဒေသတွေက ပြည်သူတွေက အားကိုးတကြီးတိုင်လာတဲ့အခါမှာ JMC က ဝင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးလို့ ပြေလည်သွားတာတွေ အရပ်သားထိခိုက်မှုနည်းသွားတာတွေ ရှိတယ်။”

ပြည်သူတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်မှုသိပ်မရှိဘူးလို့ ပြောနေကြချိန်မှာ လက်ရှိအစိုးရနဲ့ရော တပ်မတော်ခေါင်းဆောင်ဟောင်း ခေါင်းဆောင်သစ် အသိုင်းအဝန်းနဲ့ပါ နီးစပ်သူတချို့ကလည်း လက်ရှိပြဿနာတွေကို  အဖြေရှာဖို့အတွက် အများပြည်သူမသိသေးတဲ့ အဓိကအခက်အခဲတွေကို  ထောက်ပြနေကြပါတယ်။

ဝါရင့်နိုင်ငံရေးသမားတဦးက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီလိုလားသူတချို့ရဲ့ အမြင်နဲ့ စစ်တပ်ခေါင်းဆောင်တချို့ရဲ့ အမြင်တွေကွဲလွဲနေတယ်။ ဒီမိုကရေစီသမားတွေက စစ်တပ်ဟာ အစိုးရအမိန့်ကို မနာခံပဲ ထိုးစစ်တွေလုပ်နေတယ်လို့ မြင်တယ်။ တခါ စစ်တပ်ခေါင်းဆောင်ပိုင်းမှာကျတော့လည်း အရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ NCA ကို လက်မှတ်ထိုးခဲ့တဲ့အတွက် သူတို့စစ်တပ်ရဲ့ အာဏာကျဆင်းသွားတယ်။ အရင်က တောထဲမှာပဲ နေနိုင်တဲ့သူပုန်တွေ အခု မြို့တွေပေါ်တက်လာပြီး အင်အားစုဆောင်းပြင်ဆင်တာတွေလုပ်နိုင်လာတယ်။ အရင်ကထက် ထိန်းချုပ်ရ ပိုမို ခက်ခဲသွားပြီလို့ မြင်နေကြတယ်။  လူများစုဟာ အဲဒီလို အတွင်းရေးတွေကို သေသေချာချာ သိဖို့ မကြိုးစားပဲ စစ်တပ်ကို ပြစ်တင်ဆဲဆိုဖို့နဲ့ လက်ရှိအစိုးရကို ထောက်ခံဖို့လောက်ပဲ စဉ်းစားနေကြတဲ့အတွက် ငြိမ်းချမ်းရေးကို လက်တွေ့ပါဝင်လုပ်ကိုင်နေသူတွေအနေနဲ့ အမှန်တကယ်လေးနက်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ပိုမိုခက်ခဲနေရတယ်လို့ RFA ကို ပြောပါတယ်။

ဒီကနေ့ စတင်မယ့် အစိုးရနဲ့ တိုင်းရင်းသား ၁ဝ ဖွဲ့ရဲ့ ၃ ရက်ကြာ ဆွေးနွေးပွဲကနေ ဘယ်လိုရလဒ်တွေ ထွက်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။