NCA အပစ်ရပ်ခုနစ်ဖွဲ့ စစ်ကောင်စီနဲ့တွေ့
2023.03.28

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC က ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်နိုင်ရေးကိစ္စ၊ ဖက်ဒရယ်အခြေခံမူ ကိစ္စတွေကို မတ်လ ၂၈၊ ၂၉ နှစ်ရက်ကြာ ဆွေးနွေးကြမှာဖြစ်တယ်လို့ ပြောပါတယ်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့က အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ကြတာပါ။
NUG နဲ့ PDF အဖွဲ့တွေကို ကူညီပံ့ပိုးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်လို့ မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီအခေါ် ၇၈ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားမှာ အာဏာသိမ်းခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။
အဲဒီလိုပြောဆိုပြီး နောက်တစ်ရက်မှာပဲ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ NCA မှာ လက်မှတ်ရေးထိုးတာမရှိတဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တွေကို ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က တွေ့ဆုံပြီး ရွေးကောက်ပွဲ ကျင်းပရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။