တိုင်းရင်းသား ၈ ဖွဲ့နဲ့ အစိုးရ အောက်တိုဘာ ၁၅ ရက်မှာ အပစ်ရပ်လက်မှတ်ထိုးမည်
2015.10.04

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွ့ဲနဲ့ အစိုးရတို့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက်စာချုပ် NCA ကို လာမယ့် အောက်တိုဘာလ ၁၅ ရက် မနက်ပိုင်းမှာ နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာမှာ လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့ကြပါတယ်။
ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ အပစ်ရပ်ရေးစာချုပ် လက်မှတ်ရေးထိုးကြမယ့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲအတွင်း လက်မှတ်ရေးထိုးမယ့်နေ့ရက်ကို သဘောတူလိုက်တာဖြစ်ပြီး တစ်ဘက်ကို ၁ဝ ဦး စီပါဝင်တဲ့ လက်မှတ်ရေးထိုးပွဲ ကျင်းပရေးပူးတွဲကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။
မူလက ၇ ဖွဲ့သာလက်မှတ်ရေးထိုးဖို့ သဘောတူခဲ့ပေမဲ့ ဒီကနေ့မှာတော့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း RCSS အဖွဲ့က လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့ တာကြောင့် အခုဆိုရင် လက်မှတ်ရေးထိုးကြမယ့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲပေါင်း ၈ ဖွဲ့ ဖြစ် သွားပါတယ်။
တွေ့ဆုံပွဲရဲ့အဖွင့်မှာ UPWC အဖွဲ့ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လက်မှတ်မထိုးတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး မလိုလား သူတွေအဖြစ် မသတ်မှတ်ဖို့နဲ့ သူတို့ကိုပါ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ လက်တွဲခေါ်ဖို့ဆိုတဲ့ သမ္မတရဲ့ ညွန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ် လို့ ပြောကြားခဲ့ ပါတယ်။
ဒါ့ကြောင့် လက်မှတ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်မှတ်မထိုးတာကြောင့်ဆိုပြီး ထိုးစစ်ဆင် တာတွေလုပ်မှာ မဟုတ်ကြောင်း ပြောပါတယ်။
"NCA လက်မှတ်မထိုးတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့တွေကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျနော်တို့အစိုးရမှာ မရှိပါဘူး၊ ရှိပြီးသားသဘောတူညီချက်တွေကို တည်တည် ငြိမ်ငြိမ်နဲ့ ငြိမ်းချမ်းရေးအတွက် အဖြေရှာသွားမှာပါပဲဖြစ်ပါတယ်၊ ဒီကြားထဲမှာ အခန့်မသင့်လို့ဖြစ်လာတဲ့ ပဋိပက္ခတွေကိုလည်း ဖြေရှင်းသွားမှာဖြစ်ပါတယ်၊ ဘယ်သူတွေလက်မှတ်ရေး ထိုးတယ်ဆိုတာထက် အားလုံး လက်ခံတဲ့သဘောတူညီချက် ငြိမ်းချမ်းရေး လုပ်ငန်းရဖို့သာ ပိုအရေးကြီးပါတယ်၊ အခုအဆင့်သင့်မဖြစ်သေးတဲ့ အဖွဲ့တွေ နောင်မကြာတော့တဲ့ အချိန်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဝိုင်းဝန်းပါဝင်လာနိုင်ဖို့ ကျနော်တို့ ကြိုးစားကြ ရမှာ ဖြစ်ပါတယ်"
ဒါ့အပြင် လက်မှတ်ရေးထိုးပြီးပြီးချင်း NCA စာချုပ် ၂၁ (က)မှာ ဖေါ်ပြထားတဲ့ စာချုပ်ပါ သဘောတူညီချက် တွေကို ပူးတွဲဦးဆောင်အကောင်အထည်ဖော်ရေး အစည်းအဝေးတွေကိုလည်း ဆက်တိုက်ကျင်းပသွားမယ်လို့ပြောပါတယ်။
အပစ်ရပ်ရေးစာချုပ်မှာ လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အားလုံးပါဝင်လာနိုင်ရေး အတွက်ဆက်လက်ကြိုးပမ်းဖို့အပြင် NCA ပါအချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့နှစ်ဘက် အဖွ့ဲတွေ ကြားနားလည်မှုရှိရှိနဲ့ အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းပြောပါတယ်။
"တစ်ဘက်နဲ့ တစ်ဘက်ကလည်း ဒီစာချုပ်ကိုအကောင်အထည်ဖော်တဲ့အခါမှာ နားလည်မှုလွဲရင်လည်း စိတ်ရင်းစေတနာအမှန်နဲ့ ကျနော်တို့ ဆက်လက် ညှိနှိုင်းပြီးတော့ ဘယ်တော့မှ ကျနော်တို့ ပဋိပက္ခပြန်မဖြစ်ရေး အတွက် ကျနော်တို့ကြိုးစားဆောင်ရွက်သွားမှာပါ၊ ဒါဟာ လက်မှတ်ရေးထိုးမယ့်အဖွဲ့အစည်းတွေ ရဲ့တာဝန်၊ ဝတ္တရားဖြစ်တယ်၊ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေအကုန်လုံးပါဝင်ပြီးတော့ ပါဝင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်"
ဒီကနေ့ ဆွေးနွေးပွဲကို အစိုးရရဲ့ UPWC အဖွဲ့က ဝန်ကြီး ဦးအောင်မင်း ၊ ဝန်ကြီး ဦးစိုးသိန်းအပြင် လက်မှတ်ရေးထိုး ကြမယ့် တိုင်းရင်းသားအဖွဲတွေနဲ့ အတူငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ စစ်ဖက်အရာရှိတွေနဲ့ အကြံပေး အဖွဲ့တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
NCA လက်မှတ်ထိုးရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ သွားရောက်သတင်းယူနေတဲ့ RFA အဖွဲ့သူ မသင်းသီရိကို ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။
အပစ်ရပ်ရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားခေါ